Top News

လှိုင်သာယာမြို့နယ်တရားရုံး အချုပ်ခန်း ဖောက်ပြေးမှုမှ လွတ်မြောက်နေသည့် ကျန်ကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိ
24htopnews | December 29, 2024 3:12 PM CST

 

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ တရားရုံးအချုပ်ခန်း ဖောက်ပြေးမှုမှ ထွက်ပြေးလွတ်မြောက်နေသည့် ကျန်ကျူးလွန်သူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဧပြီ ၂၃ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

လှိုင်သာယာမြို့နယ်အတွင်းရှိ ရဲစခန်းများတွင် အချုပ်သားဦးရေများပြားမှုကြောင့် တရားရုံးအချုပ်ခန်းတွင် အချုပ်သား ၆၂ ဦးကို ခွဲ၍ ချုပ်ထားစဉ် ဧပြီ ၂၁ ရက် နံနက် ၂ နာရီခန့်က အဆိုပါအချုပ်သားများထဲမှ အချုပ်သား ၁၆ ဦးမှာ အချုပ်ခန်းတံခါးသော့ကို ဖျက်၍ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အချုပ်သားက စုစုပေါင်း ၁၆ ယောက် ထွက်ပြေးတာပါ။ ဖြစ်ဖြစ်ချင်းမှာ တရားရုံးဝင်းထဲမှာ သုံးယောက်ကို ချက်ချင်းပြန်ပြီး ဖမ်းမိပါတယ်။ ကျန်တဲ့ ၁၃ ယောက်ကတော့ အပြင်ကိုထွက်ပြေးတာပေါ့။ အဲဒီလို ထွက်ပြေးတော့ လိုက်ဖမ်းတယ်။ အဲဒီ ၁၃ ယောက်ထဲက ၁၂ ယောက်ကိုတော့ လှိုင်သာယာမြို့နယ်ထဲမှာပဲ ၂၄ နာရီအတွင်း ပြန်ပြီး ဖမ်းမိပါတယ်။ ကျန်နေတဲ့တစ်ယောက်ကို ဧပြီ ၂၂ ရက် ညနေပိုင်းမှာ ပြန်ပြီးဖမ်းမိပါတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဧပြီ ၂၃ ရက်တွင် ပြောကြားသည်။

အချုပ်ခန်းဖောက်၍ ထွက်ပြေးသူများမှာ မူးယစ်ဆေးဝါးမှုတို့ဖြင့် ဖမ်းဆီးထားသူ ငါးဦး၊ ခိုးမှုဖြင့် ဖမ်းဆီးထားသူ ငါးဦး၊ လုယက်မှုဖြင့် ဖမ်းဆီးထားသူ ငါးဦး၊ သက်ငယ်မုဒိမ်းမှုဖြင့် ဖမ်းဆီးထားသူ တစ်ဦးတို့ဖြစ်ပြီး နောက်ဆုံးဖမ်းမိခဲ့သည့် အချုပ်သားမှာ ခိုးမှုဖြင့်ဖမ်းဆီးခံထားရသူ ငါးဦးအနက်မှ တစ်ဦးဖြစ်ကြောင်း သိရကာ ၎င်းကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဘွက်ကြီးအုပ်စု၊ ရဲစု အနောက်ကျေးရွာ၊ ဂျိုးဖြူလမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ အချုပ်ခန်းဖောက် ထွက်ပြေးသူများအား အမှုဖွင့်ကာ ဆက်လက်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


READ NEXT
Cancel OK