Top News

ချီလီနှင့် ပီရူးက နယ်စပ်များကို ပိတ်ပင်၊ လက်တင်အမေရိကလေကြောင်းလိုင်းများက ခရီးစဉ်များ ၇၀ ရာခိုင်နှုန်းလျှော့ချ
24htopnews | December 29, 2024 3:12 PM CST

အလျင်အမြန် ကူးစက်ပျံ့နှံ့နေသော ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် လက်တင်အမေရိက၏ ချီလီနှင့် ပီရူးတို့က ၎င်းတို့၏နယ်စပ်များကို အလုံးစုံပိတ်ပင်ကြောင်း မတ် ၁၆ တွင် ကြေညာခဲ့ပြီး လက်တင်အမေရိက အကြီးဆုံးလေကြောင်းလိုင်း Latam Airlines က ပျံသန်းမှု ၇၀ ရာ ခိုင်နှုန်း လျှော့ချနေကြောင်း ပြောကြားခဲ့သည်။

ဒိုမီနီကန်ရီပတ်ဘလစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ဦးသေဆုံးကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် လက်တင်အမေရိတွင် ယင်းဗိုင်းရပ်စ်ကြောင့် ၇ ဦး သေဆုံးပြီး ကူးစက်ခံရသူ ၈၀၀ ကျော် ရှိထားကြောင်း အေအက်ဖ်ပီက စာရင်းပြုစုထားသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ ကုန်းမြေ၊ ရေကြောင်း၊ လေကြောင်း ပိုင်နက်အားလုံးကို နိုင်ငံခြားသားတွေ ဝင်ထွက်မှုအတွက် ပိတ်ထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု ချီလီသမ္မတ ဆီဘတ်ရှန်ပီညဲရာက ပြောကြားခဲ့သည်။

ချီလီတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၅ ဦးအထိ ရှိခဲ့ကြောင်း အာဏာပိုင်များက မတ် ၁၅ တွင် ထုတ်ပြန်ခဲ့ပြီးနောက် သမ္မတ၏ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မကြာမီ ပီရူးသမ္မတ မာတင်ဗစ်ကာရာကလည်း နယ်စပ်ကို မတ် ၁၆ ညသန်းခေါင်မှစပြီး သီတင်းပတ်နှစ်ပတ် ပိတ်ပင်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကိုလံဘီယာက မေ ၃၀ မတိုင်မီအထိ နယ်စပ်များ ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အာဂျင်တီးနား၊ ဘရာဇီး၊ ဥရုဂွေး၊ ပါရာဂွေးတို့ကလည်း နယ်စပ်များ တစ်စိတ်တစ်ပိုင်း ပိတ်ထားကြောင်း အတည်ပြုထားသည်။ ပါရာဂွေးက ကာဖျူးလည်း ထုတ်ပြန်ထားသည်။

မက္ကဆီကိုသမ္မတ အင်ဒရေမန်နျူရယ် လိုပတ်ဇ်အိုဘရာဒေါ်ကမူ လူစုလူဝေးများကို ပိတ်ပင်မည် မဟုတ်ဟု ပြောကြားခဲ့သည်။

ချီလီက နယ်စပ်ကို ပိတ်ပင်ခဲ့မှုကြောင့် တောင်ပိုင်းတွင် ရောဂါခြေချုပ်မိနေသော အပျော်စီးသင်္ဘော Silver Explorer အတွက် ပြဿနာဖြစ်လာခဲ့သည်။ ခရီးသည်နှင့် အမှုထမ်း ၂၀၀ ကျော် လိုက်ပါသော ယင်းသင်္ဘောမှ ခြောက်ဦးသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးသိရှိခဲ့ပြီး နောက် ကာလေတာတော်တယ် ဆိပ်ကမ်းတွင် သောင်တင်နေခဲ့သည်။

ကျန်းမာရေးအာဏာပိုင်များက ခရီးသည်များအား နေရပ်သို့ ပြန်ပို့ရန် ဘေးလွတ်ရာသို့ ကယ်ဆယ်လိုသော်လည်း အထူးခွင့်ပြုချက် လိုအပ်နိုင်ဖွယ်ရှိသည်။

နီကာရာဂွာတွင် ဗြိတိန်အပျော်စီး သင်္ဘောတစ်စီး၌ ဗိုင်းရပ်စ်ကူးစက်သူ ငါးဦးအား စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယင်းသင်္ဘောအား ဆိုက်ကပ်ခွင့်ပြုခဲ့ကြောင်း ကျူးဘားက ပြောကြားခဲ့သည်။ Braemar သင်္ဘောမှ ခရီးသည်များအား ကယ်ထုတ်ရန် ကျူးဘားမှ ဗြိတိန်သို့ လေယာဉ်ခရီးစဉ်များ စီစဉ်ဆောင်ရွက်နေကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် လူနာများအား ကုသရန်အတွက် နီကာရာဂွာသို့ အထူးကုဆရာဝန်များ စေလွှတ်ခဲ့ကြောင်းလည်း ကျူးဘားက ပြောကြားခဲ့သည်။

ဟွန်ဒူးရပ်စ်အစိုးရက သီတင်းပတ်တစ်ပတ်ကြာ ရပ်ဆိုင်းမှုကို ကြေညာခဲ့ပြီး အီကွေဒေါက ဂါလာပါဂို့ ကျွန်းများသို့ ခရီးသွားများ လာရောက်မှုကိုတားမြစ်ခဲ့သည်။

 

 


READ NEXT
Cancel OK