Top News

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်က ပိတ်ဆို့တားဆီးမှုများ စတင်ဆောင်ရွက်
24htopnews | December 29, 2024 3:12 PM CST

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းသည့်အနေနှင့် နိုင်ငံသားများ၏ သွားလာလှုပ်ရှားမှုများကို အမေရိကန်က စတင်ကန့်သတ်နေပြီဖြစ်သည်။ ကူးစက်မှု လျင်မြန်သော ဗိုင်းရပ်စ်ကို ရပ်တန့်ရန် ကြိုးပမ်းမှုများအား အမေရိကန်က အရှိန်အဟုန်မြှင့်တင်ခဲ့ပြီး လူ ၁၀ ဦး အထက်ပိုသော လူစုလူဝေးများကို ကန့်သတ်ကြရန်  အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်နိုင်ငံသားများအား တိုက်တွန်းခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် လူ ၇၀၀၀ ကျော် သေဆုံးစေခဲ့ပြီဖြစ်သော ယင်းဗိုင်းရပ်စ်ကူး စက်ဖြစ်ပွားမှုကြောင့် အမေရိကန်စီးပွားရေးသည် ဆုတ်ယုတ်ကျဆင်းမှုဆီ ဦးတည်နေကြောင်း ထရန့်က ပထမဆုံးအကြိမ် အသိအမှတ်ပြုဝန်ခံခဲ့သည်။ နယူးဂျာစီနှင့် ဆန်ဖရန်စစ္စကိုတွင် ကာဖျူးထုတ်ပြန်ခဲ့ပြီး ပြည်နယ် ၃၃ ခုထက်မနည်းတွင် ကျောင်း ၆၄၀၀၀ ခန့် ပိတ်ထားခဲ့သည်။

နိုင်ငံတစ်ဝန်းကျောင်းများ ပိတ်ထားမှုက ကျောင်းသား ၃၂.၅ သန်းခန့်ကို သက်ရောက်ခဲ့ကြောင်း Education Week က ဆိုသည်။

နယူးယောက်စီးတီးနှင့် နယ်နိမိတ်ထိ စပ်နေသော နယူးဂျာစီပြည်နယ်တစ်ဝန်းတွင် ကန့်သတ်မှုများ ဆောင်ရွက်နေကြောင်း နယူးဂျာစီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖီးမာဖီက ပြောကြားခဲ့သည်။

မရှိမဖြစ် မဟုတ်သော ပစ္စည်းများ လက်လီရောင်းချမှု၊ အပန်းဖြေနှင့်ဖျော်ဖြေရေးလုပ်ငန်းများသည် မတ်၁၆ ရက်မှစပြီး ည ၈ နာရီနောက်ပိုင်းတွင် ပိတ်ပင်ရမည်ဖြစ်ကြောင်း မာဖီက ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ဆန်ဖရန်စစ္စကိုလည်း သန်းပေါင်းများစွာသော ဒေသခံများအား အရေးကြီးအကြောင်းအရာ မဟုတ်လျှင် နေအိမ်တွင်သာနေကြရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နယူးဂျာစီနှင့်ဆန်ဖရန်စစ္စကိုက ကန့်သတ်ပိတ်ဆို့မှုများ မကြေညာမီကပင် အမေရိကန်၏ပိုင်နက်နယ်မြေ ပွာတိုရီကိုက ည ၉ နာရီမှ နံနက် ၅ နာရီအထိ ကာဖျူးထုတ်ပြန်ခဲ့ပြီး စျေးဆိုင်ကြီးများ၊ ရုပ်ရှင်ရုံများ၊ အားကစားရုံများ၊ ဘားများအား ပိတ်ပင်ကြောင်း ကြေညာခဲ့သည်။

အမေရိကန်တစ်နိုင်ငံလုံးကို ပိတ်ပင်ရန်ထရန့်က စဉ်းစားနေကြောင်း သတင်းများကို အိမ်ဖြူတော်က ငြင်းဆန်ခဲ့ပြီး ယာယီဆေးရုံများ တည်ဆောက်ရေးအတွက် ပင်တဂွန်ကို အကူညီတောင်းရန် စဉ်းစားနေကြောင်း ထရန့်က ပြောကြားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် မလိုအပ်ကြောင်း ထရန့်က ပြောကြားခဲ့သည်။ အိုဟိုင်းယိုးပြည်နယ် အုပ်ချုပ်ရေးမှူး မိုက်ဒီဝိုင်းက ပြည်နယ်တရားရုံး ဆုံးဖြတ်ချက်ကို ဖီဆန်ပြီး မတ် ၁၇ တွင် မဲရုံများ ပိတ်ထားရန် ပြည်နယ်အစိုးရက အမိန့်ထုတ်ခဲ့ကြောင်း Twitter တွင် ရေးသားခဲ့သည်။

အမြဲတမ်း မရပ်မနား ရှင်သန်ခဲ့သော နယူးယောက်သည် စားသောက်ဆိုင်များအား အထုပ်နှင့်သာ ယူဆောင်သွားရန် ရောင်းချရေး ကန့်သတ်ထားခဲ့သည်။ ကျောင်းသား ၁.၁ သန်းကို ပညာသင်ကြားပေးနေသော နယူးယောက်ကျောင်းများကိုလည်း ပိတ်ထားရန် မြို့တော်ဝန် ဘေဒီဘလာစီယိုက ကြေညာခဲ့သည်။

အမေရိကန်တွင် မတ် ၁၇ အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၉၀ ကျော် ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်နှင့် ပြည်သူ့ကျန်းမာရေး အေဂျင်စီများက ထုတ်ပြန်ထားသည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူ ဦးရေသည် ၄၇၀၀ ကျော်ရှိပြီး မကြာမီ အမေရိကန် ဆေးရုံများ၏ လက်ခံနိုင်သည့် ပမာဏအား ကျော်လွန်သွားမည်ကို စိုးရိမ်နေကြသည်။

 

ဗိုင်းရပ်စ်နှင့် ဆက်စပ်သတင်းများ

 

စပိန်

စပိန်တွင် မတ် ၁၇ ၌ COVID-19 ကူးစက်မှုသစ် ၂၀၀၀ နီးပါးရှိခဲ့ရာ စုစုပေါင်း ကူးစက်မှု ၁၁၀၀၀ ကျော်သွားခဲ့ပြီး သေဆုံးသူမှာလည်း ၅၀၀ နီးပါးအထိ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ လူဦးရေ ၄၆ သန်းရှိ စပိန်သည် ကမ္ဘာတွင် တရုတ်၊ အီတလီ၊ အီရန်ပြီးလျှင် COVID-19 ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှုတွင် စတုတ္ထမြောက် အဆိုးရွားဆုံး နိုင်ငံဖြစ်သည်။

တရုတ်

တရုတ်တွင် မတ် ၁၇ ၌ ဗိုင်းရပ်စ်ကူး စက်မှုသစ် ၂၁ မှုဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် ၂၀ မှုသည် ပြည်ပမှ တရုတ်သို့ဝင်လာသူများ ဖြစ်ကြကြောင်း သိရသည်။ အခြားနိုင်ငံများမှ ဝင်လာသူများ၏ ကူးစက်မှုသည် တရုတ်နိုင်ငံတွင်း ကူးစက်မှုနှုန်းထက် ကျော်လွန်မှု လေးရက်မြောက် ရှိလာခဲ့သည်။

ဂျပန်

ဂျပန်အိုလံပစ်ကော်မတီ၏ ဒုတိယအကြီးအကဲ ကိုဇိုတာရှီမာသည် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရကြောင်း မတ် ၁၇ တွင် ပြောကြားခဲ့ရာ နွေရာသီ အိုလံပစ်ပြိုင်ပွဲအား တိုကျိုက ဘေးကင်းစွာ ကျင်းပနိုင်ခြင်းရှိ၊ မရှိကို စိုးရိမ်မှု မြင့်တက်လာနေသည်။ Diamond Princess သင်္ဘောမှ ကူးစက်မှု ၆၉၆ မှုနှင့် သေဆုံးသူ ခုနစ်ဦးအပြင် ဂျပန်တွင် ကူးစက်မှု ၈၅၀ ကျော်နှင့် သေဆုံးသူ ၃၀ နီးပါးရှိသည်။

ထိုင်း

ထိုင်းတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ဟန့်တားရန် ဒေသတွင်းနှင့် နိုင်ငံတကာကျောင်းများ၊ တက္ကသိုလ်များ၊ ကျူရှင်များအား မတ် ၁၈ မှ မတ် ၃၁ အထိ ပိတ်ထားရန် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက မတ် ၁၇ တွင် ညွှန်ကြားခဲ့သည်။ မြို့တော်ဘန်ကောက် အတွင်းနှင့်အပြင်ရှိ အားကစားရုံများနှင့် ဖျော်ဖြေရေးစင်တာအားလုံးကိုလည်း ပိတ်ရမည်ဖြစ်သည်။ ထိုင်းတွင် မတ် ၁၇ ၌ ကူး စက်မှုသစ် ၃၀ ရှိခဲ့ပြီး စုစုပေါင်း ၁၈၀ နီးပါးရှိလာခဲ့ကာ တစ်ဦးသေဆုံးထားသည်။

ဗီယက်နမ်

ဗီယက်နမ်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၆ ဦးသည် ပြန်လည်ကောင်းမွန်ခဲ့ကြောင်း ကြေညာခဲ့ပြီးနောက် ကူးစက်ပျံ့နှံ့မှုအား ဟန့်တားရန် နိုင်ငံခြားသားဝင်ရောက်မှုအားလုံးကို ဗီဇာသစ် ထုတ်ပေးမှု ဆိုင်းငံ့မည်ဟု မတ် ၁၇ တွင် ကြေညာခဲ့သည်။ ဗီယက်နမ်တွင် ကူးစက်မှု ၆၁ မှုရှိပြီး သေဆုံးသူမရှိပေ။

ကမ္ဘောဒီးယား

ကမ္ဘောဒီးယားတွင် မတ် ၁၇ ၌ ကူးစက်မှုသစ် ၁၂ မှုကြောင့် စုစုပေါင်း ၂၄ ဦးအထိ မြင့်တက်လာခဲ့သည်။ ထိုကူးစက်မှုသစ်များအနက် ၁၁ မှုသည် မလေးရှားတွင် ကျင်းပခဲ့ သောဘာသာရေးအခမ်းအနားသို့ တက်ရောက်ခဲ့သူများဖြစ်သည်။

အင်ဒိုနီးရှား

အင်ဒိုနီးရှားတွင်  ကူးစက်မှုသစ် ၂၃၈ မှုကြောင့် စုစုပေါင်းကူးစက်မှု ၁၈၀ နီးပါးနှင့် သေဆုံးသူငါးဦးရှိခဲ့သည်။

စင်ကာပူ

စင်ကာပူတွင် မတ် ၁၆ ၌ ကူးစက်မှုသစ် ၁၇ မှုကြောင့် စုစုပေါင်း ၂၄၃ မှုအထိ ရှိလာခဲ့ပြီး ၁၀၉ ဦး ပြန်လည် ကောင်းမွန်ခဲ့သည်။ 

         

 

 


READ NEXT
Cancel OK