
လူ့အဖွဲ့အစည်းကို ကမောက်ကမဖြစ်စေခဲ့ပြီး စျေးကွက်များ ဒုက္ခတွေ့ရကာ ကမ္ဘာတစ်လွှား၌ လူပေါင်း ထောင်ချီ သေဆုံးစေခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေခြင်းကို လျှော့ချရန် နောက်ဆုံးထိရောက်စွာ ကြိုးပမ်းမှုအဖြစ် ဥရောပခေါင်းဆောင်များက ဥရောပတိုက်အတွင်းသို့ ဝင်ရောက်သည့် မဖြစ်မနေ မဟုတ်သည့် ခရီးသွားလာမှုအားလုံးကို ပိတ်ပင်ရန် မတ် ၁၇ ရက်တွင် စီစဉ်နေကြောင်း သိရသည်။
ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခရွန်က COVID-19 ဗိုင်းရပ်စ်ကို စစ်ပွဲတစ်ပွဲအဖြစ် ရင်ဆိုင်တိုက်ခိုက်ရန် ထုတ်ဖော်ပြောဆိုမှုနှင့်အတူ ကမ္ဘာတစ်လွှားမှ ခေါင်းဆောင်များက နယ်စပ်များကို ပိတ်လျက် နိုင်ငံသားများကို နေအိမ်အတွင်း၌သာ နေစေလျက် ငြိမ်းချမ်းသည့်ကာလတွင် မြင်တွေ့ရခဲသော ကန့်သတ်မှုများကို ချမှတ်လုပ် ဆောင်နေကြသည်။
အကျပ်အတည်းက စီးပွားရေး၏ကဏ္ဍတိုင်းအပေါ် ရိုက်ခတ်လျက်ရှိပြီး ဗဟိုဘဏ်များက အရေးပေါ်ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ကာ အစိုးရအဖွဲ့များအနေဖြင့် ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြသနေသော်လည်း Wall Street စတော့စျေးနှုန်းများသည် ၁၉၈၇ ခုနှစ်အကျပ်အတည်းနောက်ပိုင်း အဆိုးရွားဆုံးအဖြစ် မတ် ၁၆ ရက်၌ ၁၂ ရာခိုင်နှုန်းကျော်အထိ ကျဆင်းသွားခဲ့သည်။
ဒီဇင်ဘာလက တရုတ်နိုင်ငံရှိ မြို့တစ်မြို့တွင် ကနဦး ရောဂါပျံ့နှံ့မှု စတင်ခဲ့ပြီးနောက် ယခုအခါ လူသေဆုံးမှုများသည် တရုတ်နိုင်ငံတွင်းထက် တရုတ်ပြင်ပတွင် ပိုမိုဖြစ်ပေါ်နေခြင်းနှင့်အတူ ဥရောပသည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ရာ အချက်အချာ နေရာအဖြစ် ပေါ်ထွက်လာခဲ့သည်။
အီတလီသည် ဥရောပ၌ အပြင်းထန်ဆုံး ခံရသည့် နိုင်ငံဖြစ်ပြီး သေဆုံးမှုများ ထပ်မံမြင့်တက်လာကြောင်း ကြေညာခဲ့ရာ ကမ္ဘာတစ်လွှား၌ သေဆုံးသူ ၇၀၀၀ ကျော်ရှိလာသည့်အနက် အီတလီတွင် စုစုပေါင်း သေဆုံးသူ ၂၀၀၀ ကျော်လာသည်။
ယခုအခါ နိုင်ငံပေါင်း ၁၆၀ ဝန်းကျင်၌ ရောဂါကူးစက်ခံရသည်ဟု အတည်ပြုနိုင်သူပေါင်း ၁၈၀၀၀၀ ကျော်သွားပြီဖြစ်သည်။
ပြင်သစ်နိုင်ငံသားများအား မတ် ၁၇ ရက်နေ့လယ်မှ စတင်၍ ၁၅ ရက်အတွင်း နေအိမ်များအတွင်း၌သာ နေထိုင်ရန် မက်ခရွန်က အမိန့်ထုတ်ပြန်ထားပြီး မဖြစ်မနေမဟုတ်သည့် ခရီးသွားလာမှုများနှင့် လူမှုရေးဆိုင်ရာ ထိတွေ့မှုများ အားလုံးကိုလည်း ပိတ်ပင်လိုက်သည်။ အမိန့်ကို ချိုးဖောက်သူများကို အပြစ်ပေးအရေးယူမည်ဟုလည်း သတိပေးထားသည်။
ဥရောပနိုင်ငံများက ၎င်းတို့၏ နယ်စပ်များကို ပိတ်ထားနှင့်ပြီးဖြစ်သည်နှင့်အညီ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာဗွန်ဒါ လေယန်းက ရှန်ဂန်ဗီဇာကင်းလွတ်နယ်စပ်ဇုန်အား မဖြစ်မနေမဟုတ်သည့် ခရီးသွားလာမှုများအားလုံးကို ရပ်တန့်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များကို တောင်းဆိုမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အတိအကျ ပြောရရင် ဥရောပမဟုတ်တဲ့ နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကြား ခရီးသွားလာမှုအားလုံးကို ရက်ပေါင်း ၃၀ ဆိုင်းငံ့လိုက်မှာ ဖြစ်ပါတယ်” ဟု မက်ခရွန်က သူ၏ မိန့်ခွန်း၌ ပြောကြားခဲ့သည်။
အခြားမျှော်လင့်ချက်အရောင်မှိန်မှိန် တစ်ရပ်မှာ တရုတ်နိုင်ငံက မတ် ၁၇ ရက်၌ ပြည်တွင်း၌ ရောဂါထပ်မံကူးစက်ခံရသူတစ်ဦးသာရှိကြောင်းနှင့် သို့သော် ပြည်ပမှ ဝင်ရောက်လာသူ ၂၀ ဦး၌ ရောဂါပိုးထပ်မံတွေ့ရှိရကြောင်း သတင်းပင်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်