
COVID-19 ကူးစက်ပျံ့နှံ့မှုဗဟိုချက်ဖြစ်သော တရုတ်ထက် ကမ္ဘာ၏ကျန်ဒေသများတွင် ထိုရောဂါကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှု အလွန်အမင်း မြင့်တက်နေစဉ် သံသယဖြစ်ဖွယ် ကူးစက်မှုအားလုံးကို စစ်ဆေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံအားလုံးကို မတ် ၁၆ တွင် တိုက်တွန်းခဲ့သည်။ မျက်နှာကို အဝတ်စည်း၍ မီးကို မငြိှမ်းနိုင်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ဂျီနီဗာတွင် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ပြီးခဲ့သောသီတင်းပတ်အတွင်း COVID – 19 ကူးစက်ပျံ့နှံ့မှု အလွန်အမင်း မြင့်တက်ခဲ့မှုကို ကြုံတွေ့ခဲ့ကြောင်း ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၇၀၀၀ ကျော်လာချိန်၌ ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် ထိုဗိုင်းရပ်စ် ကူးစက်မှု စတင်ဖြစ်ပွားခဲ့သော ဗဟိုချက် တရုတ်ထက် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများတွင် ယခုအခါ ကူးစက်ပျံ့နှံ့မှုနှင့် သေဆုံးမှု ပိုမိုမြင့်တက်လာနေကြောင်း ၎င်းက ပြောကြားခဲ့သော်လည်း နောက်ဆုံးကိန်းဂဏန်းကို မထုတ်ပြန်ခဲ့ပေ။
ကူးစက်ပျံ့နှံ့မှုနှုန်းများသည် တစ်ရှိန်ထိုး မြင့်တက်နေခဲ့ပြီး ထိုဗိုင်းရပ်စ်အား တိုက်ဖျက်ရေးအတွက် အရေးပါသော စမ်းသပ်စစ်ဆေးခြင်း၊ သီးခြား ခွဲထားခြင်း၊ ထိတွေ့ခဲ့သူများအား ခြေရာခံခြင်းတို့အား လုံလောက်သည်အထိ အရေးတကြီး လုပ်ဆောင်နေမှုများ မတွေ့ရကြောင်း Tedros က သတိပေးခဲ့သည်။
လူတစ်ဦးနှင့်တစ်ဦးအကြား သင့်တော်သော အကွာအဝေးဖြင့် နေထိုင်စေသည့် ညွှန်ကြားချက်များသည် ကူးစက်ပျံ့နှံ့မှုအား လျှော့ချနိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်က နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်စေရေးအတွက် အထောက်အကူ ဖြစ်စေကြောင်း ထောက်ပြလျက် စာသင်ကျောင်းများနှင့် စျေးဆိုင်များအား ပိတ်ခြင်းတို့အပါအဝင် အစိုးရများ၏ တုံ့ပြန်ဆောင်ရွက်မှုများစွာကို Tedros က ချီးကျူးခဲ့သည်။ လက်ဆေးခြင်းနှင့် ချောင်းဆိုးနှာချေပါက တံတောင်ဖြင့်ကာ၍ ပြုလုပ်ခြင်းတို့သည်လည်း ကူးစက်ပျံ့နှံ့မှုအား လျှော့ချပေးရန် အရေးပါသော အရာများဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
သို့သော် ယင်းအရာများသက်သက်ဖြင့် ထိုကပ်ရောဂါအား တိုက်ဖျက်နိုင်ရန် မလုံလောက်ကြောင်း၊ ထိုကူးစက်ပျံ့နှံ့မှုအား ချိုးဖျက်ရန် လိုအပ်ကြောင်း Tedros က အလေးအနက် ပြောကြားခဲ့သည်။ ယင်းကဲ့သို့ လုပ်ဆောင်နိုင်ရန် စမ်းသပ်စစ်ဆေးမှုနှင့် သီးခြားခွဲနေမှု လိုအပ်ကြောင်း၊ မည်သူကူးစက်ခံနေရမှန်းမသိဘဲ ထိုကပ်ရောဂါအား မိမိတို့က မရပ်တန့်နိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။
နိုင်ငံများအနေဖြင့် သံသယဖြစ်ဖွယ် ကူးစက်မှုအားလုံးကို စစ်ဆေးကြရန် WHO က တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်း စစ်ဆေးရေးကိရိယာ လိုအပ်ချက် မြင့်တက်လာမှုအား ပြည့်မီရန်အတွက် ထုတ်လုပ်မှု တိုးမြှင့်ခြင်းကို Tedros က ဂုဏ်ပြုခဲ့ပြီး WHO သည်လည်း အကူအညီအလိုအပ်ဆုံးသူများအား ထောက်ပံ့ပေးနိုင်ရေးအတွက် နိုင်ငံပေါင်း ၁၂၀ သို့ စစ်ဆေးရေးကိရိယာ ၁.၅ သန်းနီးပါး ပေးပို့ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်