Top News

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချိန်အတွင်း စစ်တပ်ကို ပစ်မိန့်ပေးခဲ့ကြောင်း အစိုးရရှေ့နေများ ပြောကြား
24htopnews | December 30, 2024 7:12 PM CST

တောင်ကိုရီးယားတွင် ဆိုင်းငံ့ခံထားရသည့် သမ္မတယွန်းဆော့ယိုသည် ၎င်း၏ အောင်မြင်ခြင်းမရှိသည့် စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချိန်အတွင်း စစ်တပ်ကို လွှတ်တော်အတွင်းသို့ ဝင်ရောက်ရန် လိုအပ်လာပါက ပစ်ခတ်ခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည့် အစိုးရရှေ့နေများ၏ အစီရင်ခံစာကို အေအက်ဖ်ပီ သတင်းဌာနက ဒီဇင်ဘာ ၂၈ ရက်တွင် မြင်တွေ့ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယွန်ဟွမ်အား တရားစွဲဆိုထားသည့် စွဲချက်ဖြစ်သည့် စာမျက်နှာ ၁၀ မျက်နှာပါရှိသည့် အနှစ်ချုပ်ဖော်ပြချက်ကို မီဒီယာများအား ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယွန်းသည် လိုအပ်လာပါက စစ် အုပ်ချုပ်ရေးအမိန့်ကို သုံးကြိမ်ကြေညာရန် ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဘက်အုပ်ချုပ်ရေးကို ဆိုင်းင့ံခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည်။

နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီအချိန်အတွင်းမှာပင် ယွန်းက စစ်အုပ်ချုပ်ရေးအမိန့်ကို ဒီဇင်ဘာ ၄ ရက် နံနက်အစောပိုင်းတွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

ထို့နောက် လွှတ်တော်က ယွန်းအား စွပ်စွဲပြစ်တင်ခဲ့ပြီးနောက် သမ္မတတာဝန်များကို ထမ်းဆောင် ခွင့်ဆိုင်းငံ့ခဲ့သည်။

ယွန်း၏ ရှေ့နေတစ်ဦးဖြစ်သူ ယွန်းကက် ကွမ်ကမူ အစိုးရရှေ့နေများ၏ စွပ်စွဲမှုကို ငြင်းဆိုခဲ့ပြီး ယင်းဖော်ပြချက်များသည် ဓမ္မဓိဋ္ဌာန် မကျကြောင်းနှင့် တစ်ဖက်သတ် စွပ်စွဲမှုများသာဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ယွန်း၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့သည့် နာရီပိုင်းအတွင်း စစ်သားများသည် လွှတ်တော်အဆောက်အအုံ ထဲကို ဝင်ရောက်ရန် ခြံစည်းရိုးများကို တွယ်တက်ခြင်း၊ လွှတ်တော်ပြတင်းပေါက်များကို ရိုက်ခွဲခြင်းနှင့် ရဟတ်ယာဉ်များဖြင့် ဆင်းသက်ခြင်းတို့ ပြုလုပ်ခဲ့သည်။

အစိုးရရှေ့နေများ၏ တိုင်ကြားချက်တွင်  စစ်တပ်အနေဖြင့် လွှတ်တော်အတွင်းသို့ ဝင်ရောက်ရန် လိုအပ်လာမည်ဆိုပါက ပစ်ခတ်ခွင့်ရှိကြောင်း ယွန်းက ဆိုးလ်မြို့တော် ကာကွယ်ရေးဌာနအကြီးအကဲ လီဂျင်ဝူးကို ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

“မင်းအထဲကို မဝင်ရသေးဘူးလား။ မင်းဘာတွေ လုပ်နေတာလဲ။ တံခါးကိုဖျက်ပြီး သူတို့ကို ဆွဲထုတ်လိုက်။ ပစ်ဖို့လိုရင် ပစ်လိုက်”ဟု ယွန်းက လီကို ပြောကြားခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့ပြင် ယွန်းသည် စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချိန်အတွင်း လွှတ်တော်အတွင်းသို့ အမြန်ဆုံးဝင်ရောက်ရန် ကာကွယ်ရေး တန်ပြန်ထောက်လှမ်းရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ကွက်ဂျုံကွမ်ကို ပြောကြားခဲ့သည် ဟုလည်း စွပ်စွဲခံခဲ့ရသည်။

“လွှတ်တော်ထဲကို အမြန်ဝင်ပြီး လွှတ်တော်ခန်းမထဲက လူတွေကို ဆွဲထုတ်လိုက်။ လိုအပ်လာမယ် ဆိုရင်တံခါးတွေကို ပုဆိန်နဲ့ဖျက်။ ပြီးတော့ အထဲကလူတိုင်းကို ဆွဲထုတ်”ဟု ယွန်းက ထိုအချိန်က ပြောကြားခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ထို့ပြင် ယွန်းသည် စစ်အုပ်ချုပ်ရေး အမိန့်ကို ပြန်လည်ရုပ်သိမ်းပြီးနောက် ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် စစ်အုပ်ချုပ်ရေး အမိန့်များကို ကြေညာနိုင်ကြောင်းလည်း  လီကို ပြောကြားခဲ့သည်ဟု တိုင်ကြားစာတွင် ဖော်ပြခဲ့သည်။                               

Ref:AFP


READ NEXT
Cancel OK