Top News

ဖိလစ်ပိုင်တွင် တစ်နှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၄၀၀ ကျော်အထိ ရှိလာ
24htopnews | January 1, 2025 10:12 AM CST

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း အင်အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ရိုင် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀၀ ကျော် ရှိလာခဲ့သည်ဟု သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ဒီဇင်ဘာ ၃၁ ရက်တွင်ပြော ကြားခဲ့ပြီး အရာရှိများက မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် ပြည်နယ်များကို စားနပ်ရိက္ခာနှင့် လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့ပေးနေသည်။

ရိုင်သည် ယခုနှစ်အတွင်း ဖိလစ်ပိုင်တွင် လူသေဆုံးမှုအများဆုံးရှိစေခဲ့သည့် မုန်တိုင်းဖြစ်ပြီး ၁၅ ခုမြောက် တိုင်ဖွန်းမုန်တိုင်း ဖြစ်သည်။

ဒီဇင်ဘာ ၃၁ ရက် မနက်ပိုင်းတွင် ထုတ်ပြန်သည့် သတင်းများအရ မုန်တိုင်းကြောင့် သေဆုံးသူ ၄၀၅ ဦးရှိခဲ့ပြီး အများစုမှာ သစ်ပစ်များပြိုလဲမှု၊ ရေနစ်မှု၊ မြေပြိုမှုများကြောင့် ဖြစ်သည်ဟု ဖိလစ်ပိုင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အေဂျင်စီ အကြီးအကဲ ရစ်ကာဒိုဂျာလက်က ပြောကြားခဲ့သည်။ ထို့ပြင် လူ ၈၂ ဦး ပျောက်ဆုံးနေပြီး ၁၁၄၇ ဦး ဒဏ်ရာရခဲ့ သည်ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၁၆ ရက်က တိုက်ခတ်ခဲ့သည့် ယင်းမုန်တိုင်းကြောင့် လူနေအိမ် ၅၃၀၀၀၀ ကျော်ပျက်စီးခဲ့ပြီး ယင်းတို့ထဲမှ သုံးပုံတစ်ပုံမှာ လုံးဝပျက်စီးသွားခဲ့ခြင်းဖြစ်ကာ အခြေခံအဆောက်အအုံနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၄၅၉ သန်းခန့်ရှိခဲ့သည်ဟု ဂျာလက်က ပြောကြားခဲ့ သည်။

ယင်းတိုင်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၅၀၀၀၀၀ ခန့် အရေးပေါ်ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ခဲ့ရပြီး လူပေါင်း ၄.၅ သန်းနီး ပါးကို စားဝတ်နေရေး ထိခိုက်စေခဲ့သည်ဟု အစိုးရက ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်က စူပါတိုင်ဖွန်းအဖြစ် ဝင်ရောက်ခဲ့သည့် ယင်းမုန်တိုင်းသည် ဖိလစ်ပိုင်၏ ဘိုဟို၊ စီဘူး၊ ဆူရီဂါအို ဒယ်နော်တီ၊ စီယာဂါအိုကျွန်းနှင့် ဒီနာဂတ်ကျွန်းများပေါ်တွင် အဆိုးရွားဆုံးဝင်ရောက်တိုက်ခတ်ခဲ့ ခြင်းဖြစ်သည်။

မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် ဖိလစ်ပိုင် အလယ်ပိုင်းပြည်နယ်များတွင် ထောင်နှင့်ချီသည့် ဒေသခံများသည် လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေပြတ်လပ်နေပြီး အစိုးရ၏ ထောက်ပံ့မှုများမှာလည်း လုံလောက်မှုမရှိကြောင်း သိရသည်။

“မုန်တိုင်းဟာ ဘိုဟိုပြည်နယ်မြောက်ပိုင်းမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသလို ထိခိုက်ပျက်စီးမှုတွေ အများကြီး ဖြစ်သွားစေခဲ့ ပါတယ်” ဟု ဘိုဟိုပြည်နယ်၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီအကြီးအကဲ အန်သိုနီ ဒါမာလာရီယိုက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

 ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိသည့် ဘိုဟိုပြည်နယ်တွင် သေဆုံးသူ ၁၀၉ ဦးရှိပြီး မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ အတွက် အစားအစာ၊ သောက်သုံးရေနှင့် ယာယီ နေထိုင်စရာ နေရာများထောက်ပံ့ပေးရန် ကြိုးပမ်းနေသည်ဟု ၎င်းက ဆိုသည်။

မုန်တိုင်း ရိုင်ကြောင့် ထိခိုက်ပျက်စီးမှုများသည် ဖိလစ်ပိုင်၌ အင်အားအပြင်းဆုံး မုန်တိုင်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဟိုင်ယန် အမည်ရှိ စူပါတိုင်ဖွန်းမုန်တိုင်း ဖြစ်စဉ်ကို သတိရစေခဲ့သည်။ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်တွင် ဟိုင်ယန်မုန်တိုင်းတိုက်ခတ်မှုကြောင့် လူပေါင်း ၆၃၀၀ ခန့်သေဆုံးခဲ့ပြီး ထိခိုက်ပျက်စီးမှုများစွာ ရှိခဲ့ကာ ထိခိုက်ပျက်စီးမှု တန်ဖိုး ဒေါ်လာ ၂.၉ ဘီလျံအထိ ရှိခဲ့သည်။

ဖိလစ်ပိုင်သည် နှစ်စဉ်မုန်တိုင်းနှင့် တိုင်ဖွန်းမုန်တိုင်း ပျမ်းမျှ ၂၀ ခန့်ဝင်ရောက်သည့် နိုင်ငံဖြစ်ရာ အဆိုပါမုန်တိုင်းများကြောင့် ကောက်ပဲသီးနှံများ၊ နေအိမ်များ ပျက်စီးလေ့ရှိသည်။


READ NEXT
Cancel OK