Top News

ဟောင်ကောင်တွင် အစိုးရအဖွဲ့ကို အကြည်ညိုပျက်စေမှုဖြင့် သတင်းအယ်ဒီတာနှစ်ဦး တရားစွဲဆိုခံရ
24htopnews | January 1, 2025 10:12 AM CST

ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် အွန်လိုင်းသတင်းဌာန၏ ရုံးခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် အယ်ဒီတာများအပါအဝင် ယင်းသတင်းဌာနနှင့် ဆက်နွှယ်သူခုနစ်ဦးကို ဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာ ဒီဇင်ဘာ ၃၀ ရက်တွင် ယင်းသတင်းဌာန၏ အယ်ဒီတာဟောင်းနှစ်ဦးသည် အစိုး ရအဖွဲ့ကို အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခံခဲ့ရကာ အာမခံလျှောက်ထားမှု ငြင်းပယ်ခံခဲ့ရသည်။

တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် ဟောင်ကောင်တွင် အစိုးရနှင့် သဘောထားကွဲလွဲသူများကို ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်မှုများရှိနေချိန်တွင် Stand News အမည်ရှိ အွန်လိုင်းသတင်းဌာနကို ဝင်ရောက် စီးနင်းမှုဖြစ်စဉ်ကို ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်က ကာကွယ်ပြောကြားခဲ့ပြီး ယင်းသတင်းဌာနသည် လူထုကိုသွေးထိုးလှုံ့ဆော်နေပြီး သတင်းထုတ်ပြန်ခြင်းဟူသည့် ခေါင်းစဉ်အောက်တွင် အကာအကွယ်မယူ နိုင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများကို ပြန်လွှတ်ပေးရန် ဟောင်ကောင် အာဏာပိုင်များကို တိုက်တွန်းခဲ့ပြီး ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မယ်လာနီဂျီလီကလည်း ကနေဒါနိုင်ငံသားခံယူထားသည့် ဟောင်ကောင်အဆိုတော် ဒန်းနိစ်ဟိုအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများအတွက် အလွန်စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင် အမျိုးသားလုံခြုံရေး ရဲတပ်ဖွဲ့က တရားရုံးသို့ တင်သွင်းသည့် စွဲချက်ဖွင့်မှုအရ Stand News ၏ အယ်ဒီတာ ဟောင်းနှစ်ဦးဖြစ်သည့် ချောင်ပွီခွမ်နှင့် ပက်ထရစ်လမ်တို့ကို အစိုးရအဖွဲ့အား အကြည်ညို ပျက်စေသည့် သတင်းများ ဖော်ပြရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲဆိုခဲ့သည်။

ဒီဇင်ဘာ ၃၀ ရက်က အနောက် ကောင်းလွန်းတရားရုံးတွင် ပြုလုပ်ခဲ့သည့် စစ်ဆေး ကြားနာမှုတွင် လမ်သည် ဆေးရုံတင်ထားရသဖြင့် တရားခွင်သို့ မတက်ရောက်နိုင်ခဲ့ဘဲ ၎င်းတို့နှစ်ဦးလုံး၏ အာမခံလျှောက်ထားမှုမှာ လည်း ငြင်းပယ်ခံခဲ့ရသည်။

ဖမ်းဆီးခံထားရသည့် အခြားသူများမှာလည်း စစ်ဆေးမေးမြန်းရန် အကြောင်းပြချက်ဖြင့် အာမခံလျှောက်ထားမှုများ ငြင်းပယ်ခံခဲ့ရသည်။ ၎င်းတို့အနက် လွှတ်တော်အမတ်ဟောင်း မာဂရက်အန်၊ ဒန်းနိစ်ဟိုနှင့် Stand News ဘုတ်အဖွဲ့ဝင်ဟောင်းလေးဦး ပါဝင်သည်။ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင်မူ ဟိုသည် ရဲစခန်းတွင် အချုပ်ချခံထားရမှုမှ ပြန်လည်လွတ်မြောက်ခဲ့သည်။

ချောင်၏ ဇနီးဖြစ်သည့် ဒီမိုကရေစီလိုလားသည့် Apply Daily သတင်းစာမှ အယ်ဒီတာတစ်ဦးဖြစ်သူ ချန်းပွီမန် သည်လည်း ဖမ်းဆီးခံခဲ့ရသည်။

ဟောင်ကောင်တွင် Apply Daily သတင်းစာပိုင်ရှင် ဂျင်မီလိုင်နှင့် အကြီးတန်း အယ်ဒီတာများကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ခဲ့ပြီးနောက် သတင်းစာထုတ်ဝေမှုများ ရပ်တန့်သွားခဲ့သည်။

ဒီဇင်ဘာ ၂၉ ရက် အစောပိုင်းက ဖမ်းဆီးခံခဲ့ရသူ ခြောက်ဦးသည် ကိုလီနီခေတ်က ဥပဒေဖြစ်သည့် အစိုးရကို အကြည်ညိုပျက်စေသည့် အကြောင်းအရာများ ရေးသားဖော်ပြရန် ပူးပေါင်းကြံစည်မှု ဥပဒေဖြင့် ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်သည်။

၎င်းတို့အနေဖြင့် ယင်းဥပဒေဖြင့် ပြစ်မှု ထင်ရှားစီရင်ခံရမည်ဆိုလျှင် ထောင်ဒဏ် နှစ်နှစ်နှင့် ငွေဒဏ် ဒေါ်လာ ၆၄၀ ချမှတ်ခံရ ဖွယ်ရှိသည်။

 


READ NEXT
Cancel OK