Top News

လူအများအပြား အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာနိုင်သည်ဟု ထိုင်းကျန်းမာရေးတာဝန်ရှိသူများ သတိပေး
24htopnews | January 1, 2025 10:12 AM CST

ထိုင်းနိုင်ငံတွင် လူအများအပြား၌ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ပထမဆုံးကူးစက်ခံရမှုဖြစ်စဉ်ကို အလွန်ထူးခြားသောကူးစက်မှုဖြစ်စဉ်အဖြစ် အဆင့်သတ်မှတ်ခဲ့ပြီးနောက် ပြည်သူများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာနိုင်သည့်အရေးအတွက် ပြင်ဆင်ထားသင့်သည်ဟု ဒီဇင်ဘာ ၂၉ ရက်တွင် ထိုင်းကျန်းမာရေးတာဝန်ရှိသူများက သတိပေးခဲ့သည်။

ခရစ္စမတ်အကြိုနေ့တွင် ထိုင်းအရှေ့မြောက်ပိုင်း ချာရာဆီဖွန်း၌ တွေ့ခဲ့သော လူအများအပြား အိုမီခရွန်ကူးစက်ခံရမှုသည် ဘယ်လ်ဂျီယမ်မှလာသော စုံတွဲနှင့် ဆက်စပ်လျက်ရှိပြီး ၎င်းစုံတွဲသည် ဘားဆိုင်များ၊ ကပွဲများနှင့် စျေးများကို သွားခဲ့သည်။

နောက်ဆက်တွဲဖြစ်ပွားခဲ့သည့် လူအများအပြား ကူးစက်ခံရမှုဖြစ်စဉ်များတွင် လူ ၁၀၀ ကျော် ကူးစက်ခံထားရကြောင်းတွေ့ရပြီး အဆိုပါကူးစက်မှုဖြစ်စဉ်များသည် အခြားပြည်နယ် ၁၁ ခုသို့ ပြန့်နှံ့သွားခဲ့သည်ဟု ကျန်းမာရေးတာဝန်ရှိသူအိုပက်စ်ကန်ကာဝင်ပွန်က ပြောကြားခဲ့သည်။ လူအများအပြားကူးစက်ခံရမှုနှင့် ဆက်စပ်နေသော ဘားဆိုင်တစ်ဆိုင်မှာ လူပြည့်ကျပ်နေခဲ့ကာ လေဝင်လေထွက်မကောင်းဟု ဆိုသည်။

“နှစ်သစ်မှာ တစ်နေရာရာကို သွားချင်တယ်ဆိုရင်တော့ ဒီလိုသွားတာဟာ စိတ်မချရဘူ။ မသွားကြပါနဲ့” ဟု အိုပက်စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၇၄၀ ရှိနေသည်။ ထိုအထဲက လူ ၂၅၀ သည် ပြည်ပမှ ရောက်လာသူများနှင့် ထိတွေ့ခဲ့ကြသူများဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံ၌ သြဂုတ်လတွင် နေ့အလိုက်ကူးစက်မှု ၂၀,၀၀၀ ဖြင့် အများဆုံးကူးစက်မှုဖြစ်ခဲ့ပြီးနောက် လွန်ခဲ့သော သီတင်းပတ်အတွင်းတွင် နေ့အလိုက်ကူးစက်မှုသည် ၂,၅၀၀ ခန့်အထိ ကျဆင်းသွားခဲ့သည်။

သို့ရာတွင် ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးစစ်ခြင်း၊ လူတစ်ဦးနှင့် တစ်ဦး ခွာခွာနေခြင်း ညွှန်ကြားချက်ကို တိုးချဲ့ခြင်းတို့ကဲ့သို့သော အစီအမံများကို မြန်မြန်ဆန်ဆန်ချမှတ်ခြင်းမရှိပါက ၂၀၂၂ ခုနှစ် မတ်လလောက်တွင် နေ့စဉ်ကူးစက်ခံရသူ ၃၀,၀၀၀ နှင့် နေ့စဉ်သေဆုံးသူ ၁၆၀ ကျော်အထိ ဖြစ်လာနိုင်သည်ဟု ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

ယင်းသို့ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည့် အနာဂတ်ဖြစ်နိုင်ခြေ၌ တင်းကျပ်အစီအမံများချမှတ်ခြင်းဖြင့် ဖေဖော်ဝါရီလတွင် နေ့အလိုက်ကူးစက်မှုအရေအတွက် ၁၄,၀၀၀ နှင့် နေ့အလိုက်သေဆုံးသူ ၆၀ ထက်မနည်းရှိလာနိုင်သည်ဟု ဖော်ပြထားသည်။

ဇန်နဝါရီက ပထမသီတင်းနှစ်ပတ်အတွင်းတွင် အစိုးရအမှုထမ်းများကို အိမ်မှအလုပ်လုပ်ကြရန် အကြံပြုထားသည်။ ပုဂ္ဂလိကကဏ္ဍသည်လည်း အလားတူလုပ်ဆောင်ရမည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထိုင်းကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းစဉ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တာဝီဆင်ဝီဆာနူယိုသင်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော သီတင်းပတ်တွင် ပထမဆုံးပြည်တွင်းအိုမီခရွန်ကူးစက်မှုဖြစ်စဉ်ကို တွေ့ရှိခဲ့ပြီးနောက် ပြည်ပမှလာသူများ မဖြစ်မနေ ကွာရန်တင်းနေရမည့်အစီအစဉ်ကို ထိုင်းအာဏာပိုင်များက ပြန်လည်ချမှတ်ခဲ့သည်။ ထို့ ကြောင့် ကာကွယ်ဆေးထိုးနှံထားသော ပြည်ပခရီးသွားများသည်လည်း ကွာရင်တိုင်းဝင်ရမည်ဖြစ်သည်။ 


READ NEXT
Cancel OK