
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ပိုမိုကောင်းမွန်စွာတန်ပြန်ရေးနှင့် မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြား ရပ်ဆိုင်းနေသည့် အဏုမြူလက်နက်ဖျက်သိမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးကို ကြိုတင်နည်းလမ်းရှာရန် အဏုုုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောများတည်ဆောက်ရေးအတွက် မိမိသည် အမေရိကန်ထောက်ခံမှုကို ရှာဖွေသွားမည်ဟု တောင်ကိုရီးယားအာဏာရပါတီ၏ သမ္မတလောင်းက ထုတ်ဖော်ပြောကြားခဲ့သည်။
ရိုက်တာ၊ အခြားသတင်းဌာနနှစ်ခုတို့နှင့်ပြုလုပ်ခဲ့သော အင်တာဗျူးတွင် သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းလီဂျေမြောင်က အမေရိကန်-တရုတ်ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်တွင် မဟာဗျူဟာကျကျ မပြတ်မသာဖြစ်နေခြင်းကို ဘေးဖယ်ထားမည်ဟု ပြောကြားခဲ့ပြီး လက်တွေ့ကျသောသံတမန်ရေးက တောင်ကိုရီးယားကို အဆိုပါနိုင်ငံထဲက တစ်နိုင်ငံကို ရွေးချယ်ရခြင်းမှ ရှောင်နိုင်စေမည်ဟု ပြောကြားခဲ့သည်။
ချောင်ဂီပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းသည် အောက်တိုဘာလတွင် သမ္မတမွန်ဂျေအင်း၏ အာဏာရဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်းဖြစ်လာခဲ့သည်။ အားမာန်ပါသော ကိုရိုနာဗိုင်းရပ်စ်ရောဂါတုံ့ပြန်မှုများကြောင့်လည်းကောင်း၊ အရွယ်ရောက်နိုင်ငံသားတိုင်းကို အစိုးရက ပုံမှန်ထောက်ပံ့ပေးမည့် အစီအစဉ်ကြောင့်လည်းကောင်း လီဂျေမြောင်သည် အာဏာရပါတီကိုယ်စားပြုကာ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရခြင်းဖြစ်သည်။ တောင်ကိုရီးယားသမ္မတရွေးကောက်ပွဲကို ၂၀၂၂ ခုနှစ် မတ်လ ၉ ရက်တွင် ကျင်းပရန် စီစဉ်ထားသည်။
အသက် ၅၇ နှစ်ရှိ လီသည် အဓိကကွန်တာဗေးတစ်အတိုက်အခံပါတီဖြစ်သော “ပြည်သူ့စွမ်းအားပါတီ”မှ အဓိကစိန်ခေါ်သူ ယွန်ဆက်ယိုးလ်နှင့် အကြိတ်အနယ်ပြိုင်ရမည်ဖြစ်သော်လည်း မကြာသေးခင် သီတင်းပတ်များတွင် ၎င်းအပေါ်လူကြိုက်များမှု မြင့်တက်လာခဲ့ကာ ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော လူထုသဘောထားစစ်တမ်းတွင်လည်း ယွန်ဆက်ယိုးလ်ကို ကျော်တက်သွားကြောင်းတွေ့ရသည်။
မြောက်ကိုရီးယားက ရေငုပ်သင်္ဘောပေါ်မှ ဒုံးကျည်သစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် အဏုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောတစ်စင်း တည်ဆောက်ရေးအတွက် စစ်တပ်နှင့် ပါလီမန်တို့တွင် ထပ်လောင်းတောင်းဆိုမှုများရှိနေချိန် အချိန်ကာလရှည်ကြာစွာ တည်တည်ငြိမ်ငြိမ် အသုံးပြုနိုင်သော အဏုမြူစွမ်းအင်သုံးရေငုပ်သင်္ဘောများ အသုံးပြုနိုင်စေရန် သံတမန်ရေးနှင့် နည်းပညာပံ့ပိုးမှုများ ရရှိရေးအတွက် မိမိသည် အမေရိကန်ပြည်ထောင်စုကို စည်းရုံးပြောဆိုသွားမည်ဟု လီဂျေမြောင်က ပြောကြားခဲ့သည်။
သြစတြေးလျသည် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်တို့နှင့် အင်ဒို-ပစိဖိတ်လုံခြုံရေးမဟာမိတ်အဖွဲ့သစ်ဖွဲ့ခဲ့ကာ ယင်းသုံးနိုင်ငံမဟာမိတ်အဖွဲ့သစ်မှတစ်ဆင့် အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘောရှစ်စင်း တည်ဆောက်ရေးအတွက် စာချုပ်ချုပ်ဆိုခဲ့သည်ကို လီဂျေမြောင်က ကိုးကားပြောဆိုခဲ့သည်။
“အဲဒီရေငုပ်သင်္ဘောတွေပိုင်ဖို့ ကျွန်တော်တို့အတွက် မရှိမဖြစ် အရေးပါနေပါတယ်။ အဲဒီအဏုမြူရေငုပ်သင်္ဘောတွေကို လက်နက်တပ်ဆင်မှာမဟုတ်ပါဘူး။ သြစတြေးလျကို နည်းပညာလွှဲပြောင်းတာတွေ လုပ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“အမေရိကန်ပြည်ထောင်စုကို ကျွန်တော်တို့ စည်းရုံးပြောဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြောကိုပြောရမှာဖြစ်ပါတယ်” ဟု လီက ပြောကြားသည်။ Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်