Top News

တရုတ်နိုင်ငံ ရှီအန်းမြို့တွင် Lockdown ကာလ သီတင်းတစ်ပတ်ပြည့်လာသော်လည်း COVID-19 ကူးစက်မှုများ ဆက်လက်မြင့်တက်လျက်ရှိ
24htopnews | January 1, 2025 10:12 AM CST

တရုတ်နိုင်ငံရှိ ဒေသခံ ၁၃ သန်းနေထိုင်သည့် ရှီအန်းမြို့တွင် ဒီဇင်ဘာ ၂၉ ရက်က ခုနစ်ရက်မြောက် Lockdown ကာလအတွင်း ရောက်ရှိခဲ့မှုနှင့်အတူ လူအများအပြားသည် နေအိမ်များမှထွက်ခွာခွင့်မရရှိဘဲ လိုအပ်သည့် ပစ္စည်းများ ပို့ဆောင်သည့်ဝန်ဆောင်မှုများကိုသာ မှီခိုနေရသော်လည်း COVID-19 ကူးစက်မှုအသစ်များမှာ လျော့ကျသွားခြင်းမရှိပေ။

ရှီအန်းမြို့တွင် ဒီဇင်ဘာ ၂၈ ရက်က ရောဂါလက္ခဏာပြဖြစ်စဉ်များနှင့် အတူဒေသတွင်း နေ့အလိုက်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၅၁ ဦးရှိပြီး နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၅၂ ဦး ရှိသောကြောင့် ကူးစက်မှုဖြစ်စဉ် အားလုံးနီးပါးမှာ ရှီအန်းမြို့မှဖြစ်သည်။ ထို့ကြောင့် ရှီအန်းမြို့တွင် ဒီဇင်ဘာ ၉ ရက်မှ ၂၈ ရက်အထိ ဒေသတွင်းဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၀၀၀ နီးပါးရှိလာခဲ့ပြီး ယင်းကူးစက်မှုဖြစ်စဉ်များတွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှု ဖြစ်စဉ်မရှိဟု ထုတ်ပြန်ထားသည်။

ရှီအန်း၏ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်သည် ကမ္ဘာတစ်ဝန်းရှိ အခြားနေရာဒေသများ၏ ဗိုင်းရပ်စ်ကူးစက်မှုနှင့် နှိုင်းယှဉ်လျှင်နည်းပါးသော်လည်း တရုတ်အစိုးရ၏ ချက်ချင်းဗိုင်းရပ်စ်ထိန်းချုပ်ရေးအစီအစဉ်အောက်၌ ဒီဇင်ဘာ ၂၃ ရက်မှစ၍ ခရီးသွားလာမှုများနှင့် မြို့ပြင်ထွက်မှုများကို တင်းကျပ်စွာတားမြစ်ကန့်သတ်ခဲ့သည်။

ရှီအန်းအစိုးရသည် ဒီဇင်ဘာ ၂၇ ရက် နေ့ကတည်းက ကူးစက်ရောဂါထိန်းချုပ်မှုစည်းမျဉ်းများကို အဆင့်တိုးမြှင့်ခဲ့သောကြောင့်   ဒေသခံများအနေဖြင့် ၎င်းတို့နေအိမ်များမှ ထွက်ခွာပြီး မရှိမဖြစ် လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူခွင့်တားမြစ်ပိတ်ပင်ခဲ့သည်။

ဒေသခံများကို လူအစုလိုက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးမှုများလုပ်ဆောင်ရာတွင် ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည့်အတွက် ဗိုင်းရပ်စ်ကူးစက်နိုင်ခြေ နည်းပါးသည့်ဒေသများရှိ မြို့ခံများသည် လူကိုယ်တိုင် စျေးသွားရောက်ဝယ်ယူနိုင်ပြီဖြစ်သော်လည်း နေအိမ် တွင် နေထိုင်ရန်အမိန့်ကို ရုပ်သိမ်းမည့်အချိန် အတိအကျကိုမူ ထုတ်ပြန်ထားခြင်းမရှိပေ။

ထို့ကြောင့် လတ်ဆတ်သော ထုတ်ကုန်များကို ရရှိမှု မသေချာသည့်အခြေအနေနှင့် ပတ်သက်၍ အချို့ဒေသခံများက လူမှုမီဒီယာတွင် ညည်းတွားမှု အချို့ရှိခဲ့သည်။

ရှီအန်းမြို့ရှိ ခရိုင်အဆင့် အစိုးရအများအပြားက ဒေသခံများထံ စားသောက်ကုန်ပို့ဆောင်မှုများ စီစဉ်ပေးမှုကို စတင်လုပ်ဆောင်ခဲ့သည်ဟု ရှီအန်းအစိုးရက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အာဏာပိုင်များသည် ဒီဇင်ဘာ ၂၉ ရက်တွင် မြို့တစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံ ရခြင်းရှိ၊ မရှိ စစ်ဆေးမှု အသစ်များကို တစ်ဖန်စတင်လုပ်ဆောင်ခဲ့သည်။

တရုတ်ပြည်မကြီးတွင် ဒီဇင်ဘာ ၂၈ ရက်၌ COVID-19 ကြောင့် သေဆုံးသူတစ်ဦးမှ မရှိသည့်အတွက် နိုင်ငံတစ်ဝန်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၄,၆၃၆ ဦးရှိသည်။

တရုတ်ပြည်မကြီးတွင် ဒီဇင်ဘာ ၂၈ ရက်နေ့အထိ ပြည်တွင်းကူးစက်မှုဖြစ်စဉ်များနှင့် ပြည်ပနိုင်ငံများမှ ရောက်ရှိလာသည့် ဗိုင်းရပ်စ်အတည်ပြုလူနာများအပါအဝင် ရောဂါလက္ခဏာပြအတည်ပြုလူနာအရေအတွက် ၁၀၁,၆၈၃ ဦးရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသည်။                    


READ NEXT
Cancel OK