Top News

ကမ္ဘာတစ်ဝန်းတွင် COVID-19 ကူးစက်မှုနှုန်း မြင့်တက်နေချိန်တွင် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်၏ အန္တရာယ်သည် အလွန်မြင့်မားနေဟု WHO သတိပေး
24htopnews | January 1, 2025 10:12 AM CST

အလွန်ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ အိုမီခရွန်သည် နိုင်ငံအများအပြားတွင် စံချိန်တင်ကူးစက်ပျံ့နှံ့နေချိန်တွင် ယင်းအိုမီခရွန်မျိုးကွဲဗိုင်းရပ်၏ အန္တရာယ်သည် အလွန်မြင့်မားနေသေးကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များကို ထိခိုက်မှုရှိလာစေနိုင်ကြောင်း WHO က ဒီဇင်ဘာ ၂၉ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းပတ်က ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး တရုတ်နိုင်ငံမှ ဂျာမနီနှင့် ပြင်သစ်နိုင်ငံများရှိ အစိုးရများသည် ဗိုင်းရပ်စ်နှိမ်နင်းရေး ကန့်သတ်ချက်စည်းမျဉ်းများနှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ပြန်လည်ဖွင့်လှစ်မှုများကို ဆက်လက်ထားရှိနိုင်ရန် လိုအပ်ချက်ကြားခက်ခဲသည့် ချိန်ညှိမှုကို ရှာဖွေရန် ကြိုးပမ်းနေကြသည်။

နယ်သာလန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့က အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကူးစက်မှုသည် ၎င်းတို့နိုင်ငံများတွင် လွှမ်းမိုးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး အချို့သုတေသနလေ့လာချက်များအရ ယင်းမျိုးကွဲသည် ရောဂါအခြေအနေ မပြင်းထန်စေကြောင်း တိုက်တွန်းထားသော်လည်း WHO ကမူ သတိထားဂရုစိုက်ကြရန် တိုက်တွန်းခဲ့သည်။

“စိုးရိမ်ရ အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်အသစ်နဲ့ ဆက်နွှယ်တဲ့ အန္တရာယ်အားလုံးဟာ အလွန်မြင့်မားတဲ့အခြေအနေမှာ ရှိနေပါသေးတယ်” ဟု WHO က ၎င်း၏ COVID-19 အပတ်စဉ် ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အစီရင်ခံထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ လူဦးရေအရ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်နေသည့် ဗြိတိန်၊ တောင်အာဖရိကနှင့် ဒိန်းမတ်နိုင်ငံတို့မှ အစောပိုင်းရရှိသည့် အချက်အလက်အရ အိုမီခရွန်မျိုးကွဲသည် ဒယ်တာမျိုးကွဲနှင့် နှိုင်းယှဉ်လျှင် ဆေးရုံတက်ရောက်ကုသနိုင်ခြေလျော့ကျကြောင်း တွေ့ရှိခဲ့သည်ဟု WHO က ဆိုသည်။

သို့သော် အိုမီခရွန်၏ ရောဂါပြင်းထန်အခြေအနေကို နားလည်နိုင်ရန် နောက်ထပ်  အချက်အလက်များ လိုအပ်နေသေးသည်ဟု ဆိုသည်။

ယင်းသုတေသနလေ့လာချက်များ ထွက်ပေါ်နေသော်လည်း အိုမီခရွန်၏အလျင်အမြန်ကူးစက်မှုနှုန်း ကြီးထွားနေခြင်းသည် ဆေးရုံတက်ရောက်ကုသမှုခံယူသူဦးရေများပြားနေသည့် ရလဒ်ထွက်ပေါ်နေလျက်ရှိလိမ့်မည်ဖြစ်ပြီး အထူးသဖြင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် အုပ်စုများတွင် အများဆုံးဖြစ်ပွားနိုင်ကာ ကျန်းမာရေးစနစ်များနှင့်အခြားအရေးပါသည့် ဝန်ဆောင်မှုစနစ်များတွင် ကျယ်ကျယ်ပြန့်ပြန့် အနှောင့်အယှက်ဖြစ်စေနိုင်သည်ဟု WHO ၏ ဥရောပကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ် စီမံခန့်ခွဲသူ ကက်သရင်း စမောဝုဒ်က သတိပေးခဲ့သည်။

ဥရောပသည် ကပ်ရောဂါ၏ အချက်အချာနေရာများမှတစ်ခုအဖြစ် တစ်ဖန်ရောက်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်က ပြင်သစ်၊ ဗြိတိန်၊ ဂရိနှင့် ပေါ်တူဂီနိုင်ငံများတွင် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း စံချိန်တင်မြင့်တက်ခဲ့သည်။ ယင်းအခြေအနေကိုထိန်းချုပ်နိုင်ရန်အတွက် ဥရောပရှိနိုင်ငံအများအပြားသည် စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများရှိလာနိုင်သည့် ကန့်သတ်ချက်စည်းမျဉ်းများကို ပြန်လည်ချမှတ်ခဲ့ကြသည်။

 


READ NEXT
Cancel OK