Top News

ရုရှားတရားရုံးချုပ်က နိုင်ငံအတွင်းရှိ သက်တမ်းအရှည်ဆုံးနှင့် အထင်ရှားဆုံးလူ့အခွင့်အရေးအဖွဲ့ကို ပိတ်ပင်
24htopnews | January 1, 2025 10:12 AM CST

ရုရှားတရားရုံးချုပ်က နိုင်ငံအတွင်းရှိ သက်တမ်းအရှည်ကြာဆုံးနှင့် အထင်ရှားဆုံး လူ့အခွင့်အရေးအဖွဲ့များထဲတွင် ပါဝင်သည့် Memorial အမည်ရှိ အဖွဲ့ကို ဒီဇင်ဘာ ၂၈ ရက်က ပိတ်ပင်ခဲ့ပြီး ယင်းသည် အစိုးရအတိုက်အခံများ၊ တက်ကြွလှုပ်ရှားသူများ လွတ်လပ်သည့် မီဒီယာများနှင့် အတိုက်အခံခေါင်း ဆောင်များကို ထောက်ခံသူများကို ဖိနှိပ်သည့် နောက်ဆုံးလုပ်ဆောင်ချက်ဖြစ်ခဲ့သည်။

Memorial အဖွဲ့သည် ဆိုဗီယက်ယူနီယံခေတ်က နိုင်ငံရေးဖိနှိပ်မှုများကို လေ့လာမှုများကြောင့် နိုင်ငံတကာ၏ ချီးကျူးမှုကို ရရှိခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့ကို ပိတ်ပင်မှုအပေါ် နိုင်ငံတကာက ဒေါသထွက်ခဲ့သည်။

Memorial အဖွဲ့သည် ပြည်တွင်းပြည်ပ အဖွဲ့ငယ်ပေါင်း ၅၀ ကျော်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရုရှားအစိုးရက ၂၀၁၆ ခုနှစ်တွင် ယင်းအဖွဲ့ကို ပြည်ပထောက်လှမ်းရေးဟု ကြေညာခဲ့သည်။

ရုရှားအစိုးရရှေ့နေများကလည်း ယင်းအဖွဲ့သည် ပြည်ပထောက်လှမ်းရေးအဖွဲ့အနေဖြင့် ၎င်းတို့၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သည်ဟု ပြောကြားခဲ့ပြီး Memorial အဖွဲ့ကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

တရားရုံးတွင် ကြားနာစစ်ဆေးမှုအတွင်း အစိုးရရှေ့နေများက Memorial အဖွဲ့ကို ဆိုဗီယက်ယူနီယံအား အကြမ်းဖက်နိုင်ငံအဖြစ် ပုံဖော်နေကြောင်း စွပ်စွဲခဲ့ပြီး Memorial အဖွဲ့ကမူ ၎င်းတို့သည် အာဏာပိုင်များ၏ သရုပ်မှန်ကို ဖော်ပြခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရားရုံးချက်၏ စီရင်ချက်ချမှတ်မှုသည် အစိုးရ၏ ထိတ်လန့်ဖွယ် နိုင်ငံရေးဖိနှိပ်မှု သမိုင်းကို သက်သေထူသည့် နောက်ထပ်ဖြစ်စဉ်တစ်ခုဖြစ်သည်ဟု Memorial အဖွဲ့က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၎င်းတို့အဖွဲ့သည် ရုရှားနိုင်ငံ၏ ဝမ်းနည်းဖွယ်လမ်းကြောင်းနှင့် သန်းနှင့်ချီသည့် ပြည်သူများ၏ ကံကြမ္မာနှင့်ပတ်သက်ပြီး  ပြည်သူများ သိရှိရန်လိုအပ်သည့် အမှန်တရားများကို ဖော်ပြနေခြင်းဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

တရားရုံးချုပ်၏ အမိန့်ချမှတ်မှုကို အယူခံဝင်သွားမည်ဖြစ်ပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ယင်းအဖွဲ့က ပြောကြားခဲ့သည်။

“တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ အယူခံဝင်သွားမှာပါ။ Memorial အဖွဲ့ဟာ ပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်မတို့နောက်မှာ ပြည်သူတွေရှိနေပြီး အလုပ်တွေကိုလည်း ဆက်လုပ်သွားမှာပါ” ဟု Memorial  အဖွဲ့၏ ရှေ့နေတစ်ဦးဖြစ်သူ မာရီယာအစ္စမွန့်က ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၂၈ ရက်က ကြားနာစစ်ဆေးခဲ့သည့် ယင်းအမှုတွင် တရားရုံးချုပ်အပြင်ဘက်၌ လူများစုရုံးခဲ့ကြပြီး တရားရုံး၏ဆုံးဖြတ်ချက်သည် ကျက်သရေကင်းမဲ့ကြောင်း ဟစ်ကြွေးခဲ့ကြသည်။ ထို့ပြင် တရားရုံးချုပ်အဆောက်အအုံကို ဝန်းရံပိတ်ဆို့ခဲ့သည့် လူအချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဥရောပကောင်စီ၏ အတွင်းရေးမှူးချုပ် မာရီဂျာပက်စီနိုဗစ် ဗျူရီကမူ Memorial အဖွဲ့ကို ပိတ်ပင်မှုသည် စိတ်ထိခိုက်ဖွယ် သတင်းဖြစ်ပြီး ရုရှားလူ့အဖွဲ့အစည်းအတွက် အမှောင်ကျသည့်နေ့ဖြစ်သည်ဟု ပြောကြားခဲ့ သည်။ ထို့ပြင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ အမေရိကန်နှင့် ပြင်သစ်ထိပ်သီး အရာရှိများကလည်း Memorial အဖွဲ့ကို ပိတ်ပင်သည့် ရုရှားတရားရုံးချုပ်၏ စီရင်ချက်ကို ဝေဖန်ခဲ့ကြသည်။

 

 


READ NEXT
Cancel OK