Top News

ဒေါ်လာ သန်း ၅၀၀ ကျော်တန်ဖိုးရှိသည့် တောင်ကိုရီးယားစစ်သင်္ဘောအသစ်များ ဝယ်ယူမည်ဟု ဖိလစ်ပိုင် ပြောကြား
24htopnews | January 1, 2025 10:12 AM CST

ဖိလစ်ပိုင်နိုင်ငံသည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေချိန်တွင် တောင်ကိုရီးယားနိုင်ငံ၏ Hyundai Heavy Industries ထံမှ စစ်သင်္ဘောအသစ်နှစ်စီးကို အော်ဒါမှာယူခဲ့သည် ဟု ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရန်ဇာနာက ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့ပြီး ယင်းသည် ဖိလစ်ပိုင်ရေတပ်ကို အဆင့်မြှင့်တင်သည့် လုပ်ဆောင်ချက်တစ်ရပ်ဖြစ်ခဲ့သည်။

ဖိလစ်ပိုင်ရေတပ်တွင် ဒုတိယကမ္ဘာစစ်က အမေရိကန်သင်္ဘောများရှိနေသော်လည်း မကြာသေးမီ ဆယ်စုနှစ်များအတွင်းက ရေတပ်အင်အားလျော့ကျခဲ့ကာ သမ္မတ ရိုဒရီဂိုဒူတာတေးမတိုင်မီ ဘန်နစ်နို အကွီနိုလက်ထက် ၂၀၁၀ ပြည့်နှစ်တွင်မှ ရေတပ်ကို အဆင့်မြှင့်တင်မှုစီမံကိန်းတစ်ရပ် စတင်လုပ် ဆောင်ခဲ့သည်။

ဒေါ်လာ ၅၅၆ သန်းတန်ကြေးရှိသည့် တောင်ကိုရီးယားစစ်သင်္ဘောနှစ်စီးဝယ်ယူမှုကို Hyundai ကုမ္ပဏီက ဖိလစ်ပိုင်ရေတပ်အတွက် အပေါ့စားစစ်သင်္ဘောနှစ်စီးတည် ဆောက်ခွင့်ကန်ထရိုက်ကို ရရှိခဲ့ပြီးနောက် ငါးနှစ်အကြာတွင် သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်သည်။

အပေါ့စားစစ်သင်္ဘောများသည် အရွယ်အစားသေးငယ်ပြီး မြန်ဆန်သည့် စစ်သင်္ဘောအမျိုးအစားဖြစ်ပြီး အခြားသင်္ဘောများကို တိုက်ခိုက်မှုမှကာကွယ်ပေးရန် အဓိကအသုံးပြုသည်။

တောင်ကိုရီးယားနိုင်ငံထံမှ စစ်သင်္ဘောများဝယ်ယူသည့် စီမံကိန်းသည် ဖိလစ်ပိုင်ရေတပ်အတွက် သင်္ဘောများနှင့်ရေငုပ်သင်္ဘောများကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းနှင့် လေကြောင်းစစ်ဆင်ရေးများကို မြှင့်တင်ပေးရာ ရောက်လိမ့်မည်ဟု လိုရန်ဇာနာက မနီလာမြို့တော်တွင်ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ထို့ပြင် ယင်းသင်္ဘောအသစ်များသည် ဖိလစ်ပိုင်ရေတပ်၏ ရှိရင်းစွဲသင်္ဘောများနှင့် လိုက်လျောညီထွေရှိမည်ဖြစ်ပြီး ပြုပြင်ထိန်းသိမ်းမှုများကို လျော့ပါးစေမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့၏ ကမ်းတက်သင်္ဘောနှစ်စီး၊ သြစတြေးလျ၏ ကမ်းထိုးရေယာဉ်သုံးစီး၊ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်သင်္ဘောများပိုင်ဆိုင်ခဲ့ပြီး တရုတ်နှင့် နယ်နိမိတ်ပိုင်ဆိုင်မှုအငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် ၎င်း၏ ရေတပ်အင်အားကို မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့ရန် တွန့်ဆုတ်ခဲ့သည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

တရုတ်နိုင်ငံကမူ နှစ်စဉ်ကုန်သွယ်မှု တန်ဖိုးဒေါ်လာ ထရီလျံချီရှိသည့် ကုန်သွယ်ရေး လမ်းကြောင်းများတည်ရှိသည့် တောင်တရုတ်ပင်လယ်၏ ရေပြင်နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်းကြေညာခဲ့သဖြင့် ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့် ဗီယက်နမ်နိုင်ငံတို့နှင့် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။

ထို့ပြင် ၂၀၁၆ ခုနှစ်က တောင်တရုတ်ပင်လယ်တွင် တရုတ်၏ နယ်နိမိတ်ပိုင်ဆိုင်ကြောင်း ကြေညာချက်များကို အခြေအမြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့သည့် နယ်သာလန်နိုင်ငံသည် ဟိဂ်မြို့အခြေစိုက် ကမ္ဘာ့အမြဲတမ်းခုံရုံး၏ အမိန့်ချမှတ်မှုကိုလည်း တရုတ်အစိုးရက လျစ်လျူရှုခဲ့သည်။

သဘာဝသယံဇာတများ ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်သည် ဖိလစ်ပိုင်နိုင်ငံ၏ ငါးထုတ်လုပ်မှုစုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းရှိသည်ဟု အာရှလူ့အဖွဲ့အစည်းမူဝါဒဆိုင်ရာအဖွဲ့မှ ကျွမ်းကျင်သူ ဗာဂါရာက ပြောကြားခဲ့သည်။            

 

 


READ NEXT
Cancel OK