Top News

အာဖဂန်နစ္စတန်တွင် ယခင်အစိုးရလက်ထက်က စစ်မှုထမ်းဟောင်းများကို တာလီဘန်တို့က သတ်ဖြတ်နေမှုအပေါ် ဆန့်ကျင်သည့်အနေဖြင့် အမျိုးသမီးများ ချီတက်ဆန္ဒပြ
24htopnews | January 1, 2025 10:12 AM CST

အာဖဂန်နစ္စတန်တွင် အမေရိကန်ကထောက်ပံ့ပေးခဲ့သည့် ယခင်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်သားများကို တာလီဘန်အာဏာပိုင်များက လျှို့ဝှက်စွာသတ်ဖြတ်နေသည်ဟု အာဖဂန်အမျိုးသမီးများက စွပ်စွဲခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်တွင်က ဘူးမြို့တော်တစ်လျှောက် လမ်းလျှောက်ချီ တက်ဆန္ဒပြခဲ့ကြသည်။

အမျိုးသမီး ၃၀ ခန့်သည် ကဘူးမြို့လယ်ရှိ ဗီလီတစ်ခုအနီးမှရာနှင့်ချီသည့် မီတာအကွာအဝေးအထိ ချီတက်ဆန္ဒပြခဲ့ကြပြီး တရားမျှတမှုကို ဟစ်ကြွေးခဲ့ကြကာ ယင်းအမျိုးသမီးများကို တာလီဘန်လက်နက်ကိုင်များက တားဆီးခဲ့သည်ကို အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့သည်။

ထို့ပြင် တာလီဘန်တို့သည် ယင်းချီတက်ဆန္ဒပြမှုကို သတင်းယူမည့် ဂျာနယ်လစ်များကိုလည်း တားဆီးခဲ့သည်။ လူမှုမီဒီယာမှတစ်ဆင့် ဆန္ဒပြပွဲကို စီစဉ်သည့် ဖိတ်ကြားချက်များတွင် လူငယ်များ၊ အထူးသဖြင့် စစ်သား ဟောင်းများ ထူးဆန်းစွာသတ်ဖြတ်နေမှုကို ဆန့်ကျင်ရန် ဆန္ဒပြပွဲပြုလုပ်မည်ဟု ရေးသားဖော်ပြခဲ့သည်။

တာလီဘန်လက်နက်ကိုင်များသည် သတင်းထောက်များကို ယာယီဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကင်မရာများကိုသိမ်းယူခဲ့ကာ ဓာတ်ပုံများကို ဖျက်ပြီးနောက် ကင်မရာများကို ပြန်လည်ပေးအပ်ခဲ့သည်ဟု ဆိုသည်။

သြဂုတ်လတွင် အာဏာပြန်ရလာခဲ့သည့် တာလီဘန်တို့သည် ၎င်းတို့အား ဆန့်ကျင်သည့် ဆန္ဒပြမှုများကို မကြာခဏဟန့်တားခဲ့ပြီး ခွင့်ပြုချက်မရှိသည့် ဆန္ဒပြမှုများကို တရားမဝင်ကြောင်း ကြေညာခဲ့သည်။

ကုလသမဂ္ဂ၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နှင့် လူ့အခွင့်အရေးအဖွဲ့များက သီးခြားထုတ်ပြန်သည့် သတင်းများတွင် အာဖဂန်၌ တာလီဘန်တို့ အာဏာပြန်ရလာပြီးကတည်းက လူပေါင်း ၁၀၀ ကျော်မှာ တရားမျှတမှုမရှိဘဲ သတ်ဖြတ်ခံခဲ့ရသည်ဆိုသည့် ခိုင်လုံသည့် စွပ်စွဲချက်များရှိသည်ဟု ဖော်ပြခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ယခုဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“သတ်ဖြတ်မှုတွေရပ်တန့်ဖို့ တာလီဘန်တွေနဲ့ တစ်ကမ္ဘာလုံးကို ပြောချင်ပါတယ်။ ကျွန်မတို့ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို လိုချင်ပါတယ်”ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် နာယီရာခိုအီစတာနီက ပြော ကြားခဲ့သည်။

အခြားဆန္ဒပြသူတစ်ဦးဖြစ်သည့် လိုင်လာဘာဆမ်က ဖတ်ကြားခဲ့သည့် အစီရင်ခံစာထဲတွင် တာလီဘန်အဖွဲ့အနေဖြင့် ပြစ်မှုဆိုင်ရာယန္တရားကို ရပ်တန့်ရန် ဆန္ဒပြသူများက တောင်းဆိုကြောင်း ပြောကြားခဲ့သည်။

ယင်းအစီရင်ခံစာထဲတွင် ယခင်အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့သည့် စစ်သားဟောင်းများနှင့် အစိုးရဝန်ထမ်းဟောင်းများသည် တာလီဘန်တို့၏ တိုက်ရိုက်ခြိမ်းခြောက်မှုအောက်တွင်ရှိနေပြီး တာလီဘန်တို့သည် သြဂုတ်လက ကြေညာခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကတိကို ချိုးဖောက်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် တာလီဘန်တို့၏ လက်အောက်တွင် အမျိုးသမီးများကို တားမြစ်ကန့်သတ်ချက်များ ချမှတ်မှုကိုလည်း ဆန့်ကျင်ကြောင်း ဆန္ဒပြသူများက ပြောကြားခဲ့သည်။ မကြာသေးမီရက်ပိုင်းက တာလီဘန်တို့သည် အမျိုး သမီးများအနေဖြင့် ဆွေမျိုးတော်စပ်သည့် အမျိုးသားအဖော်မပါဘဲ ခရီးဝေးသွားလာခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။

 

 


READ NEXT
Cancel OK