
ရောဂါလက္ခဏာမပြဘဲ COVID-19 ရောဂါကူးစက်သူများကို အကြံပြုထားသော သီးခြားခွဲကာ နေထိုင်ရမည့် အချိန်ကာလကို အမေရိကန်ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက်တွင် ထက်ဝက်လျှော့ချပေး လိုက်သည်။
အမေရိကန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူဦးရေ သိသိသာသာ မြင့်တက်လာမှုကြောင့် လူမှုရေးဆိုင်ရာ သွားလာလှုပ်ရှားမှုများအပေါ် ပိုမိုကျယ်ပြန့်သည့် သက်ရောက်မှုများ ရှိလာနိုင်သည့် အလားအလာရှိနေ သော်လည်း ထိတ်လန့်တုန်လှုပ်ခြင်းမပြုရန် သမ္မတ ဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့သည်။
အမေရိကန်ရှိ ဆေးရုံအချို့တွင် မနိုင်မနင်း အခြေအနေမျိုး ဖြစ်လာနိုင်သော်လည်း ယေဘုယျအားဖြင့်ဆိုလျှင် လတ်တလော ကူးစက်မှုမြင့်တက်လာသည့် အခြေအနေကို ကာမိစေရန် ကောင်းစွာပြင်ဆင်ထားကြောင်း အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာသည့် အခြေအနေနှင့်စပ်လျဉ်း၍ ဘိုင်ဒင်က ပြောကြားခဲ့သည်။
အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုမြင့်တက်လာခြင်းကြောင့် အသွားအလာအများဆုံး ခရစ္စမတ် အားလပ်ရက်ကာလ၌ လေကြောင်းလိုင်းများကို အကြီးအကျယ် ထိခိုက်စေခဲ့ပြီး လေယာဉ်အမှုထမ်း မလုံလောက်သည့် ပြဿနာများလည်း ဖြစ်ပေါ်လျက်ရှိသည်။
ရောဂါလက္ခဏာမပြဘဲ ကူးစက်နေသူများအတွက် အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာန (CDC)က သီးသန့်ခွဲကာ နေထိုင်ရမည့် သတ်မှတ်ရက်ကို ၁၀ ရက်မှ ငါးရက်သို့ လျှော့ချပေးလိုက်သည့်အတွက် အမေရိကန်ပြည်သူများအနေဖြင့် စောစီးစွာလုပ်ငန်းခွင်ပြန်ဝင်နိုင်မည်ဖြစ်ရာ နိုင်ငံ့စီးပွားရေး၏ အရေးပါသော ကဏ္ဍများတွင် လုပ်သားအင်အား လိုအပ်ချက်ကြီးမားစွာ ဖြစ်ပေါ်နိုင်မည့် အလားအလာကိုလည်း လျှော့ချ နိုင်တော့မည်ဖြစ်သည်။
ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် မလိုအပ်သော်လည်း အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် မူဝါဒချမှတ်သူများအနေဖြင့် ဂရုတစိုက်လိုက်နာရမည့် အဆိုပါ အကြံပြုချက်များအရ ငါးရက်ကြာ သီးခြားခွဲနေထိုင်ပြီးနောက် လူအများကြားသွားလာရာတွင် ငါးရက်ကြာ နှာခေါင်းစည်း ဆက်လက်တပ်ဆင်ရမည်ဖြစ်သည်။
အိမ်ဖြူတော်က ပြည်နယ်အုပ်ချုပ်ရေးမှူးအချို့နှင့် ကျန်းမာရေးဆိုင်ရာ ထိပ်တန်းအကြံပေးများနှင့် အွန်လိုင်းမှ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် သမ္မတဘိုင်ဒင်က အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသည် ၂၀၂၀ ခုနှစ်တွင် COVID-19 ရောဂါစတင်ဖြစ်ပွားချိန်နှင့် ယခုနှစ်ထဲတွင် ဒယ်တာဗိုင်းရပ်စ်ကူးစက်မှုများ တစ်ဟုန်ထိုး မြင့်တက်ခဲ့စဉ်ကကဲ့သို့ တူညီသည့် သက်ရောက်မှုမျိုး ရှိလာနိုင်မည်မဟုတ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။
“အိုမီခရွန်ဟာ စိုးရိမ်စရာကောင်းတဲ့ အရာတစ်ခုပါပဲ။ ဒါပေမဲ့ ထိတ်လန့်တုန်လှုပ်နေစရာတော့ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။
အမေရိကန်တွင် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသည် လွှမ်းမိုးသော မျိုးကွဲဖြစ်လာခဲ့ပြီး လွန်ခဲ့သည့်နှစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ နှစ်သိန်းကျော်ရှိလာခဲ့ကာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် ဖြစ်ပွားခဲ့သည့် စံချိန်များဆီသို့ လျင်မြန်စွာချဉ်းကပ်လာခဲ့သည်။ အမေရိကန်သည် ကမ္ဘာပေါ်တွင် ၎င်းကပ်ရောဂါကြောင့် လူသေဆုံးမှုအများဆုံးဖြစ်နေကာ သေဆုံးသူ ၈၁၆,၀၀၀ ကျော်နှင့် ကူးစက်ခံရသူ ၅၂ သန်းကျော်ရှိနေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်