
အေစီမီလန်အသင်းနည်းပြသစ်အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က ခန့်အပ်ခံရသည့် ပေါ်တူဂီလက်ရွေးစင်တောင်ပံကစားသမားဟောင်း ဆာဂျီယိုကွန်ဆေးဆာအိုသည် အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက် ပေါ်တူဂီ လူမျိုးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ အေစီမီလန်အသင်းသည် ပြီးခဲ့သည့် နွေရာသီက ဖွန်ဆီကာကို ခန့်အပ်ခဲ့ပြီး ပေါ်တူဂီလူမျိုးနည်းပြနှစ်ဦးကို ဆက်တိုက်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
အေစီမီလန်အသင်းသည် ရိုးမားနှင့် တစ်ဂိုးစီသရေကျသည့် ပွဲအပြီးတွင် နည်းပြ ဖွန်ဆီကာကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ၎င်းမှာယခုနွေရာသီတွင် အေစီမီလန်နည်းပြအဖြစ် သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။ သို့သော် အေစီမီလန်အသင်းအနေဖြင့် စီးရီးအေပြိုင်ပွဲ၌ အဆင့် ၈ နေရာရောက်နေကာ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာနှင့် အမှတ်ပြတ်နေသောကြောင့် အသင်းနှင့် လမ်းခွဲခဲ့ရသည်။ အေစီမီလန် အသင်းသည် ဖွန်ဆီကာလက်ထက်၌ ပြိုင်ပွဲစုံ ၂၄ ပွဲကစားခဲ့ရာ ၁၂ ပွဲနိုင်၊ ခြောက်ပွဲသရေ၊ ခြောက်ပွဲ ရှုံးနိမ့်ခဲ့သည်။ ထို့ပြင် ချန်ပီယံလိဂ် ပြိုင်ပွဲ၌ အဆင့် ၁၂ နေရာတွင် ရပ်တည်လျက်ရှိသည်။
နည်းပြသစ်ဖြစ်လာသူ ကွန်ဆေးဆာအို သည် အေစီမီလန်အသင်းနှင့် ၂၀၂၆ ခုနှစ် ဇွန်လအထိ ၁၈ လသက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ၎င်းသည် ပေါ်တို အသင်းနှင့် ပြီးခဲ့သည့်ရာသီကုန်ကမှ လမ်းခွဲခဲ့သူဖြစ်ပြီး ၎င်းတာဝန်ယူခဲ့သည့် ခြောက်နှစ် တာကာလအတွင်း အသင်းတွက် ဆုဖလား စုစုပေါင်း ၁၁ လုံး ရယူနိုင်ခဲ့သည်။ အသက် ၅၀ နှစ်အရွယ်ရှိ ကွန်ဆေးဆာအိုအနေဖြင့် စတန်းဒတ်လိဂ်အသင်းတွင် လက်ထောက်နည်းပြအဖြစ် နည်းပြဘဝကို စတင်ခဲ့ပြီး အိုဟန်နန်ဆီ၊ အကယ်ဒမီကာ၊ စပို့တင်းဘရာ ဂါ၊ ဗစ်တိုးရီးယားဂီမာရေ့စ်စသည့် ပေါ်တူဂီ ကလပ်များအပြင် ပြင်သစ်ကလပ် နန့်စ်အသင်းများကို ကိုင်တွယ်ခဲ့ပြီးမှ ပေါ်တိုအသင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
"ဒီစွန့်စားခန်းကို တာဝန်ယူရလို့ ဂုဏ်ယူမိပါတယ်။ စိတ်လှုပ်ရှားမှုက အခိုက်အတန့်သာဖြစ်ပြီး ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံးလုပ်ဆောင်ဖို့ နွေးထွေးတဲ့နှလုံးသားနဲ့ ခေါင်းအေးဖို့လည်း လိုပါတယ်။ ပြီးတော့ ပွဲတွေ အနိုင်ရဖို့ပါ။ ဒါက ကျွန်တော်တို့ လိုချင်တာပဲဖြစ်တယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်မှာ ကြီးကျယ်ခမ်းနားတဲ့ အသင်းတစ်သင်းကို ကိုယ်စားပြုပြီး ဒီကြီးကျယ်ခမ်းနားတဲ့ ကလပ်နဲ့ ထိုက်တန်တဲ့အရာ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ အချိန်သိပ်မရှိပါဘူး။ ဒါပေမဲ့ ဒါက ဆင်ခြေလည်း မဟုတ်ပါဘူး"ဟု နည်းပြသစ် ကွန်ဆေးဆာအိုက ပြောကြားခဲ့သည်။
ကွန်ဆေးဆာအို၏သားဖြစ်သူ ဖရန်စစ္စကိုကွန်ဆေးဆာအိုသည် လက်ရှိတွင် ဂျူဗင်တပ်စ်ကလပ်တွင် ကစားနေလျက်ရှိသည်။ ကွန်ဆေးဆာအိုအနေဖြင့် ပွဲဦးထွက်အဖြစ် ဂျူဗင်တပ်စ်နှင့် အီတလီစူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို စတင်ကိုင်တွယ်ရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်