Top News

■ ဖွန်ဆီကာ၏နေရာတွင် ကွန်ဆေးဆာအိုအား နည်းပြသစ်အဖြစ် အေစီမီလန် အစားထိုးခန့်အပ်
24htopnews | January 1, 2025 12:12 PM CST

အေစီမီလန်အသင်းသည် နည်းပြ ဖွန်ဆီကာကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် နည်းပြသစ်အဖြစ် ကွန်ဆေးဆာအိုကို အစားထိုးခန့်အပ်လိုက်ကြောင်း တနင်္လာနေ့တွင် အတည်ပြုကြေညာခဲ့သည်။

အသက် (၅၁)နှစ်အရွယ် ပေါ်တူဂီနည်းပြဖြစ်သူ ဖွန်ဆီကာသည် ယခုနွေရာသီတွင် အေစီမီလန်နည်းပြအဖြစ် သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ခံခဲ့ရသူဖြစ်သည်။

သို့သော် အေစီမီလန်အသင်းအနေဖြင့် စီးရီးအေပြိုင်ပွဲ၌ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် (၄)နေရာနှင့် အမှတ်ပြတ်နေသောကြောင့် ဖွန်ဆီကာ၏အနာဂတ်မှာ မရေမရာဖြစ်လာခဲ့ပြီးနောက် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

အေစီမီလန်အသင်းသည် ဖွန်ဆီကာလက်ထက်၌ ပြိုင်ပွဲစုံ (၂၄)ပွဲယှဉ်ပြိုင်ကစားရာတွင် (၁၂)ပွဲနိုင်၊ ခြောက်ပွဲသရေ၊ ခြောက်ပွဲရှုံးနိမ့်ခဲ့သည်။

အေစီမီလန်အသင်းအနေဖြင့် ၎င်း၏နေရာတွင် ပေါ်တိုအသင်းနည်းပြဟောင်းဖြစ်သည့် ပေါ်တူဂီနည်းပြ ကွန်ဆေးဆာအို (၅၀ နှစ်)ကို အစားထိုးခန့်အပ်ခဲ့ကြောင်း သိရသည်။

ကွန်ဆေးဆာအိုသည် ဒီဇင်ဘာ(၃၀)ရက်တွင် မီလန်သို့ရောက်ရှိလာပြီး အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

အေစီမီလန်အသင်းသည် ကွန်ဆေးဆာအိုကို ၂၀၂၆ ခုနှစ် ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ယခုရာသီကုန်အထိ လစာ ယူရို(၁)သန်း ပေးချေသွားမည်ဖြစ်ကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။


READ NEXT
Cancel OK