
အာဖဂန်နစ္စတန်တွင် တပ်စွဲထားသော အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်အတွက် ရုရှားက သံသယဖြစ်ဖွယ် ဆုကြေးများပေးခဲ့ကြောင်း ထောက်လှမ်းရေးအချက်အလက်များ ထွက်ပေါ်ခဲ့ပြီးနောက် အီရန်ကလည်း အလားတူကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်စစ်ဘက် ထောက်လှမ်းရေးများအား ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။
ပြီးခဲ့သောနှစ် ဒီဇင်ဘာတွင် အာဖဂန်မြို့တော်ကဘူးအနီး ဘာဂရမ်လေတပ် အခြေစိုက်စခန်းအပြင်ဘက် အဆောက်အအုံတစ်လုံးအား တိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှု ခြောက်ခုနှင့်ဆက်နွှယ်သော ဆုငွေပေးမှုများအား အမေရိကန်က ဖော်ထုတ်နိုင်ခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။ ဒီဇင်ဘာတွင် ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုအတွင်း အာဖဂန်အရပ်သားနှစ်ဦး သေဆုံးခဲ့ပြီး အမေရိကန် စစ်သားလေးဦး ဒဏ်ရာရခဲ့ကာ အမေရိကန်နှင့် တာလီဘန်အဖွဲ့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ယာယီတန့်သွားစေခဲ့ကြောင်း CNN က ဖော်ပြခဲ့သည်။
CNN ၏ ဖော်ပြမှုအား အမေရိကန်ကာကွယ်ရေးဌာနက တစ်စုံတစ်ရာ မှတ်ချက်မပြုခဲ့ပေ။
ထောက်လှမ်းရေးဆိုင်ရာဌာနတွင်း ဆွေးနွေးမှုများ၏ အသေးစိတ်အချက်အလက်များကို မိမိတို့က ထုတ်ပြန်မည်မဟုတ်ကြောင်း ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး ရော့လိုဒီဝစ်က ပြောကြားခဲ့သည်။ သို့သော် အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာတစ်ဝန်း မတည်မငြိမ်ဖြစ်စေသောလုပ်ရပ်များနှင့် မကောင်းသောလုပ်ရပ်များအား ရပ်ဆိုင်းရန် အမေရိကန်ကာကွယ်ရေးဌာနက တရားဝင်နည်းလမ်းရော သီးသန့်နည်းလမ်းဖြင့်ပါ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်၏ အန္တရာယ်ကြီးမားသော သြဇာလွှမ်းမိုးမှုသည် အာဖဂန်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အားလျော့စေရန်နှင့် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်မှု အရှိန်မြင့်တက်စေရန် ကြိုးပမ်းနေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အာဖဂန်တွင် အမေရိကန်တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ရန်အတွက် ရုရှားက တာလီဘန်စစ်သွေးကြွများကို ဆုငွေများ ကမ်းလှမ်းခဲ့သည်ဆိုသောအချက်အား အမေရိကန်ထောက်လှမ်းရေးက အတည်ပြုခဲ့ကြောင်း အမေရိကန်မီဒီယာများက ပြီးခဲ့သောဇွန်တွင် ဖော်ပြခဲ့ကြသည်။ ထိုဖော်ပြမှုများအား ထိပ်တန်းတာဝန်ရှိသူများက ငြင်းဆိုခဲ့ခြင်းမရှိဘဲ အချို့ကမူ မပြည့်စုံသော သတင်းအချက်အလက်များကို အခြေခံထားခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည်။
သို့သော် ထိုဖော်ပြမှုများအား အိမ်ဖြူတော်က မေးခွန်းထုတ်ခဲ့ပြီး သမ္မတထရန့်ကလည်း ၎င်းထံ ထိုစွပ်စွဲခံရသည့် အကြောင်းအရာများအား မည်သည့်အခါမျှ အစီရင်ခံခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီးနောက် နိုင်ငံရေးအကြောင်းအရာ ဖြစ်လာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်