
ဘီလာရုစ်မြို့တော်မင့်စ်တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြသူများက သြဂုတ် ၁၇ ၌ ကိုးရက်မြောက် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြပြီး စက်ရုံအလုပ်သမားများကပါ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုလာသောကြောင့် ကာလရှည်ကြာ အုပ်စိုးသူ အလက်ဇန္ဒာလူကာရှင်ကိုအတွက် ဖိအားပိုမိုမြင့်တက်လာခဲ့သည်။
မြို့တော်ဗဟိုချက်၏ လွတ်လပ်ရေးရင်ပြင်တွင် စုဝေးခဲ့ကြသော အစိုးရဆန့်ကျင်ဆန္ဒပြသူ ထောင်ပေါင်းများစွာက အတိုက်အခံများ၏ အနီနှင့် အဖြူရောင်အလံများကို ဝှေ့ယမ်းခဲ့ကြပြီး လူကာရှင်ကိုအား ရာထူးမှနုတ်ထွက်ရန် အော်ဟစ်ခဲ့ကြသည်။ ဆန္ဒပြသူများသည် ထိန်းသိမ်းရေးစင်တာများသို့လည်း ချီတက်ခဲ့ကြပြီး သြဂုတ် ၉ သမ္မတရွေးကောက်ပွဲရလဒ်အား ဆန့်ကျင်ဆန္ဒပြမှုများအတွင်း ဖမ်းဆီးခံခဲ့ရသော အတိုက်အခံခေါင်းဆောင်များနှင့် ဆန္ဒပြသူများအား ပြန်လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့ကြသည်။
လူကာရှင်ကို၏ ၂၆ နှစ်ကြာ အာဏာချုပ်ကိုင်ထားမှုအတွင်း အကြီးမားဆုံးဖြစ်သော သြဂုတ် ၁၆ က အတိုက်အခံများ၏ ဧရာမဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီးနောက် စက်ရုံအများအပြားနှင့် အစိုးရရုပ်သံမှ ဝန်ထမ်းများက အလုပ်မှ ထွက်ခဲ့ကြသည်။ သြဂုတ် ၉ သမ္မတရွေးကောက်ပွဲတွင် လူကာရှင်ကိုအား ယှဉ်ပြိုင်ခဲ့သော အတိုက်အခံခေါင်းဆောင် ဆဗက်လာနာတစ်ဟန်နော့စကာယာက ဆန္ဒပြမှုများ ဆက်လက်ပြုလုပ်ရန် တောင်းဆိုခဲ့ပြီးနောက် March for Freedom ချီတက်မှုတွင် လူ ၁၀၀,၀၀၀ ကျော် ပါဝင်ခဲ့သည်။
အမေရိကန်က ဘီလာရုစ်၏အခြေအနေအား အနီးကပ် စောင့်ကြည့်နေပြီး ဆိုးရွားသော အနေအထားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့စဉ် ဥရောပသမဂ္ဂခေါင်းဆောင်များက သြဂုတ် ၁၉ တွင် ဘီလာရုစ်အတွက် အရေးပေါ်ဗီဒီယိုကွန်ဖရင့် ကျင်းပမည်ဖြစ်သည်။ သို့သော် လူကာရှင်ကို၏ သြဇာအကြီးဆုံးမဟာမိတ်ဖြစ်သော ရုရှားက လိုအပ်လျှင် ဝင်ရောက်စွက်ဖက်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
လူမှုမီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သောဗီဒီယိုအပိုင်း၌ Minsk Wheel Tractor Plant (MZKT) မှ အလုပ်သမားများက သြဂုတ် ၁၇ တွင် လူကာရှင်ကို မိန့်ခွန်းပြောနေစဉ် ကြားဖြတ်၍ “ထွက်သွား” ဟု အော်ဟစ်မှုကို မြင်တွေ့ခဲ့ရသည်။ ရွေးကောက်ပွဲသစ်များ ကျင်းပရန် တောင်းဆိုမှုများအား လိုက်လျောမည်မဟုတ်ဟု အစောပိုင်းတွင် ပြောကြားခဲ့သော လူကာရှင်ကိုက “ကျေးဇူးတင်ပါတယ်။ ကျုပ် အကုန်ပြောပြီးပြီ။ ထွက်သွားလို့ ခင်ဗျားတို့ အော်နိုင်ပြီ” ဟု ပြောကြားခဲ့သည်။ လူကာရှင်ကိုက “ကျုပ်ကို သတ်နိုင်တဲ့အချိန်အထိ ရွေးကောက်ပွဲသစ်တွေရှိမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။
သို့သော် နောက်ပိုင်းတွင် လူကာရှင်ကိုက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပြီးလျှင် အာဏာလွှဲပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ယခုအခါ ပြည်ပတွင် တိမ်းရှောင်နေသော အတိုက်အခံခေါင်းဆောင် တစ်ဟန်နော့စကာယာက သူသည် နိုင်ငံရေးလောကသို့ ဝင်ရောက်ရန် မည်သည့်အခါမျှ စီစဉ်ခြင်းမရှိခဲ့သော်လည်း ခေါင်းဆောင်ပိုင်းကို ယာယီလွှဲပြောင်းယူရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ လူကာရှင်ကိုက ရာထူးမှ နုတ်ထွက်လျှင် ရွေးကောက်ပွဲသစ်များအား ကျင်းပသွားမည်ဟု ပြောကြားခဲ့သောအသက် ၃၇ နှစ်ရှိ တစ်ဟန်နော့စကာယာက ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် ဆန္ဒပြသူများအား ဖြိုခွင်းရန်အမိန့်ပေးခဲ့သူများကို အမှုဖွင့်ရန် တောင်းဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်