Top News

ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုကို အခြေခံ၍ လက်ဘနွန်အား ဘဏ္ဍာရေး ထောက်ပ့ံပေးမည်ဟု အမေရိကန်ထုတ်ပြန်
24htopnews | January 1, 2025 9:12 PM CST

လက်ဘနွန် ခေါင်းဆောင်များအနေဖြင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်မှသာ လက်ဘနွန်အတွက် ဘဏ္ဍာရေးအထောက် အပံ့ရရှိလိမ့်မည်ဖြစ်ကြောင်း အမေရိကန် ထိပ်တန်းတာဝန်ရှိသူတစ်ဦးက သြဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့ပြီး လက်ဘနွန်ပြည်သူများ၏ တောင်းဆိုချက်များဖြစ်သော ကောင်းမွန်သော အုပ်ချုပ်မှုနှင့် အကျင့်ပျက်ခြစားမှု အဆုံးသတ်စေရေးတို့ကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

လက်ဘနွန် နိုင်ငံရေးခေါင်းဆောင်များက စစ်မှန်သောပြောင်းလဲမှု၊ အပြောနှင့် အလုပ်တွင် ပြောင်းလဲမှုလုပ်ဆောင်ရန် ကတိပြုသည်ကို မိမိတို့ တွေ့မြင်ရသည့်အချိန်တွင် အမေရိကန်နှင့် ၎င်း၏နိုင်ငံတကာ မဟာမိတ်များက ရေရှည်တည်မြဲသော ဘဏ္ဍာရေး ထောက်ပံ့မှုနှင့်အတူ စည်းစနစ်ကျသော ပြုပြင်ပြောင်းလဲမှုများကို အလိုက်သင့်တုံ့ ပြန်ပေးသွားလိမ့်မည်ဖြစ်ကြောင်း ယခုလ အစောပိုင်းတွင် ဓာတုပစ္စည်းပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရာ ဘေရွတ်မြို့သို့ သုံးရက်ကြာ ခရီးစဉ်သွားရောက်ခဲ့သည့် အမေရိကန်နိုင်ငံခြားရေးဌာန၏ထိပ်တန်းတာဝန်ရှိသူ ဒေးဗစ်ဟေးလ်က ဆိုသည်။

သြဂုတ် ၄ ရက်က ဘေရွတ်ဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သော ဧရာမပေါက်ကွဲမှုဖြစ်ရပ်ကို ပွင့်လင်းမြင်သာမှုရှိရှိဖြင့် အများယုံ ကြည်လက်ခံနိုင်သော စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးရန်လည်း ဟေးလ်က တောင်းဆိုခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ ဟေးလ် သွားရောက်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဘေရွတ်ဆိပ်ကမ်းမြို့ရှိ ပျက်စီးနေသော ကောက်ပဲသီးနှံသိုလှောင်ရာ ကျီတစ်ခုအနီးတွင် အလောင်းသုံးလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း လက်ဘနွန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ဘေရွတ်တွင် ဧရာမပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ပြီးခဲ့သောသီတင်းပတ်တွင် ရရှိခဲ့သည့် နိုင်ငံတကာမှ အကူအညီများကို လိုအပ်သည့်နေရာတွင် ထောက်ပံ့သွားမည်ဖြစ်ကြောင်း လက်ဘနွန်သမ္မတ Michel Aoun က ပြောကြားခဲ့သည်။

သြဂုတ် ၁၅ ရက်က ပြင်သစ်ရုပ်သံလိုင်း BFM TV မှ ထုတ်လွှင့်သော အင်တာဗျူးတစ်ခုအတွင်း Aoun က လူ ၁၇၈ ဦးသေဆုံး ခဲ့သည့် ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ခြင်းတွင် စိတ်မှန်းထင်မြင်ယူဆမှု အားလုံးကို လမ်းဖွင့်ထားသည်ဟု ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ရပ်ကို နိုင်ငံတကာစုံစမ်းစစ်ဆေးမှုလုပ်ဆောင်ပေးရန် ပြည်တွင်း၊ ပြည်ပမှ တောင်းဆိုမှုများရှိနေပြီး ထိုတောင်းဆိုမှုများကို လက်ဘနွန်နိုင်ငံရေးခေါင်းဆောင်များက ငြင်းဆန်ခဲ့သည်။

မြို့တော် ဘေရွတ်၏ အချက်အချာဖြစ်သော ဆိပ်ကမ်းတွင် တည်ဆောက်ထားသည့် အန္တရာယ်ရှိ ဓာတုပစ္စည်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်တွင်ရှိသော လူနေရပ်ကွက်များ၌ ပျက်စီးဆုံးရှုံးမှု များဖြစ်ပွားခဲ့ပြီး လူထောင်နှင့်ချီ အိုးအိမ်မဲ့ ဖြစ်ခဲ့ကာ ဒါဇင်နှင့်ချီသော ဆေးရုံ၊ ဆေးခန်း များနှင့် စာသင်ကျောင်း ၁၀၀ ကျော် ပျက်စီး ခဲ့သည်။ ပေါက်ကွဲမှုအတွင်း လူ ၆,၅၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လက်ဘနွန် နိုင်ငံရေးခေါင်းဆောင်များ ၏ ပေါ့ဆမှုကြောင့် ထိုပေါက်ကွဲမှုဖြစ်ရသည် ဟူသော စွပ်စွဲချက်များလည်း ထွက်ပေါ်လာခဲ့သည်။


READ NEXT
Cancel OK