Top News

၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်အတွင်း လေနှင့် နေစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်မှုစံချိန်တင်
24htopnews | January 1, 2025 9:12 PM CST

ယခုနှစ် ပထမနှစ်ဝက်အတွင်း လေနှင့် နေစွမ်းအင်များမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုသည် စံချိန်တင် ၁၀ ရာခိုင်နှုန်းအထိ ရှိခဲ့ချိန်တွင် ကျောက်မီးသွေးစက်ရုံများမှ ထုတ်လုပ်မှုများသည် ၎င်းတို့ထုတ်လုပ်နိုင်စွမ်း၏ ထက်ဝက်အောက်သာ ရှိခဲ့ကြောင်း စွမ်းအင်ဆိုင်ရာ ပညာရှင်အဖွဲ့ဖြစ်သော Ember က သြဂုတ် ၁၃ တွင် သုံးသပ်ချက် ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် စွမ်းအင်သုံးစွဲမှုများသည် စံချိန်တင်ကျဆင်းခဲ့သော်လည်း     ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များမှ ထုတ်လုပ်မှုသည် ဇန်နဝါရီမှ ဇွန်အထိကာလအတွင်း ၁၁၂၉ terawatt- Hour ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ပထမခြောက်လတွင်မူ ၉၉၂ terawatt – hour သာရှိခဲ့ကြောင်း Ember ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ခြုံငုံသုံးသပ်မှုတွင် လေနှင့် နေစွမ်းအင်မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး အထင်ကရ ပါရီသဘောတူညီချက် ရရှိခဲ့သော ၂၀၁၅ ခုနှစ်တွင် ၄.၆ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ နှစ်ဆကျော် တိုးတက်လာခဲ့ခြင်းဖြစ်သည်။

ညစ်ညမ်းမှုအဖြစ်ဆုံး ရုပ်ကြွင်းလောင်စာဖြစ်သော ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း ၈.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သုံးသပ်မှု၌ ဖော်ပြခဲ့သည်။ ယင်းသည် ကမ္ဘာတွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးဖြစ်သော တရုတ်က ကျောက်မီးသွေးစက်ရုံများကို အနည်းငယ် တိုးချဲ့ခဲ့လျှင်ပင် ထုတ်လုပ်မှုကျဆင်းခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်မှစတင်၍ လေနှင့် နေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု အလွန်အမင်း တိုးတက်လာခဲ့ကြောင်း၊ သို့သော် ၁၀ ရာခိုင်နှုန်း တိုးတက်လာသည်ဆိုလျှင်ပင် အလုံးစုံ အသွင်ပြောင်းလဲမှုမဟုတ်သေးကြောင်း Ember ၏ လျှပ်စစ်ဆိုင်ရာ ထိပ်တန်းသုတေသီ ဒေ့ဗ်ဂျုံးစ်က ပြောကြားခဲ့သည်။

တရုတ်၊ အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ ဘရာဇီးနှင့် တူရကီတို့အပါအဝင် အဓိကစီးပွားရေးနိုင်ငံအများအပြားတွင် ယခုအခါ နေနှင့် လေစွမ်းအင်များမှ ၎င်းတို့၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များ၏ ၁၀ ရာခိုင်နှုန်းထက်မနည်းကို ထုတ်လုပ်နေကြပြီဖြစ်ကြောင်း ထိုသုံးသပ်မှုတွင် ဖော်ပြခဲ့သည်။

ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့တွင်မူ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်များမှ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များ၏၂၁ ရာခိုင်နှုန်းနှင့် ၃၃ ရာခိုင်နှုန်းအထိ အသီးသီးထုတ်လုပ်နိုင်ခဲ့ကြသည်။                           

 

 


READ NEXT
Cancel OK