Top News

တောင်ကိုရီးယားတွင် ဘတ်စ်ကားမှတ်တိုင်များ၏ ခရီးသည်နားနေဆောင်များ၌ ခေတ်မီနည်းပညာများဖြင့် ကပ်ရောဂါကူးစက်မှု ဟန့်တားရန်အတွက် စီမံထားရှိ
24htopnews | January 1, 2025 9:12 PM CST

ကိုယ်အပူချိန်တိုင်းသည့် တံခါးများ၊ ရောဂါပိုးမွှားများကို သေစေသည့် ခရမ်းလွန်ရောင်ခြည်သုံး မီးချောင်းများ တပ်ဆင်ထားသော ခရီးသည်နားခိုဆောင်များပါဝင်သော ဘတ်စ်ကားမှတ်တိုင်များကို ဖန်တီးပြီး တောင်ကိုရီးယားသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးတွင် နည်းပညာမြင့်ပြီး တစ်ခေတ်ဆန်းသော စာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

မြို့တော်ဆိုးလ်၏ အရှေ့မြောက်ပိုင်းခရိုင်တွင် ဘတ်စ်ကားခရီးသည်နားခိုဆောင် ၁၀ ခုတွင် ထိုစနစ်များ တပ်ဆင်ထားပြီး ခရီးသည်များအား မိုးဒဏ်၊ နေဒဏ်နှင့် ဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ်များမှ ကာကွယ်ပေးနိုင်သည်။

နားခိုဆောင်များအတွင်းသို့ ဝင်ရောက်မည့် ခရီးသည်များအနေဖြင့် ကိုယ်အပူချိန်တိုင်းတာပေးသည့် ကင်မရာရှေ့တွင် မတ်တတ်ရပ်ရမည်ဖြစ်ပြီး ကိုယ်အပူချိန် ၃၇.၅ ဒီ ဂရီဆဲလ်စီယပ် ( ၉၉.၅ ဒီဂရီဖာရင်ဟိုက်) အောက်ရှိမှသာ နားခိုဆောင် တံခါးပွင့်မည်ဖြစ်သည်။

ထို့အပြင် ကလေးငယ်များ၏ ကိုယ်အပူချိန်ကို တိုင်းတာပေးရန်အတွက် သီးခြားကင်မရာတစ်လုံးကိုလည်း တပ်ဆင်ပေးထားသည်။

မှန်နံရံတပ် နားခိုဆောင်များအတွင်း၌ လေအေးပေးစနစ်များ တပ်ဆင်ထားကာ ခရမ်းလွန်ရောင်ခြည်သုံး မီးချောင်းများ ထည့်သွင်းထားပြီး လေအေးထုတ်လွှတ်ချိန်တွင် ရောဂါပိုးမွှားများကိုပါ သတ်ပေးမည်ဖြစ်သည်။

အဆိုပါခရီးသည်နားခိုဆောင် တစ်ခုလျှင် ဝမ်ငွေ သန်း ၁၀၀ (ဒေါ်လာ ၈၄၀၀၀) ခန့် အကုန်ကျခံတည် ဆောက်ထားခြင်းဖြစ်သည်။ နားခိုဆောင်အတွင်း လက်သန့်ဆေးရည် ထုတ်ပေးသည့်စက် ထားရှိထားပြီး ဝင်ရောက်နားခိုလိုသူများအနေဖြင့် အချိန်ပြည့် နှာခေါင်းစည်းတပ်ထားရမည်ဖြစ်ကာ လူတစ်ဦးနှင့် တစ်ဦး တစ်မီတာခွာ နေရမည်ဖြစ်သည်။

“ကျွန်တော်တို့ စဉ်းစားမိသမျှ ဗိုင်းရပ်စ်တိုက်ဖျက်ရေးစီမံချက် အားလုံးကို ခရီးသည်နားခိုဆောင်တွေမှာ ထည့်သွင်းထားပါတယ်” ဟု Smart Shelter စီမံကိန်းကို တာဝန်ယူထားသည့် ခရိုင်တာဝန်ရှိပုဂ္ဂိုလ် ကင်ဟွမ်ယွန်က ပြောကြားခဲ့သည်။

ထိုနားခိုဆောင်များအတွင်း ၀ိုင်ဖိုင်အခမဲ့အသုံးပြုနိုင်ရန် စီစဉ်ပေးထားကြောင်း၊ နားခိုဆောင်များ စတင်ထားရှိပေးခဲ့သည့် ပြီးခဲ့သည့် သီတင်းပတ်ကတည်းက တစ်နေ့လျှင် နားခိုဆောင်တစ်ခုချင်းစီကို လူ ၃၀၀ မှ ၄၀၀ ခန့် အသုံးပြုခဲ့ကြကြောင်း ကင်က ဆိုခဲ့သည်။

ခရီးသည်များ ဘတ်စ်ကား မလွတ်သွားစေရန်အတွက် နားခိုဆောင်၏နံရံတွင် တပ်ဆင်ထားသော တီဗီဖန်သားပြင်၌ ဘတ်စ်ကားဆိုက်ရောက်ချိန်များကို ခန့်မှန်းဖော်ပြပေးထားသလို လမ်းမတွင် ယာဉ်များသွားလာနေမှုမြင်ကွင်းကို လည်း တိုက်ရိုက်ပြသခဲ့သည်။

တောင်ကိုရီးယားသည် တရုတ်ပြင်ပတွင် အစောပိုင်း ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံး ဖြစ်ပွားသည့် နိုင်ငံများထဲတွင် ပါဝင်ခဲ့သော်လည်း မဖြစ်မနေ Lockdown ချခြင်းမျိုးကို လုံးဝလုပ်ဆောင်ခဲ့ခြင်း မရှိဘဲ ရောဂါပိုးကူးစက်မှုကို ခြေရာခံခြင်း၊ ရောဂါပိုးစမ်းသပ်စစ်ဆေးခြင်း၊ ကုသခြင်းအစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခဲ့သော နိုင်ငံဖြစ်သည်။

နည်းပညာမြင့် ခရီးသည် နားခိုဆောင်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့သည့် အသက် ၄၉ နှစ်အရွယ် အိမ်ရှင်မတစ်ဦးဖြစ်သူ ကင်ဂျူလီက “ကျွန်မရော ကျွန်မဘေးနားမှာရှိတဲ့သူတွေပါ ကိုယ်အပူချိန်တိုင်းပြီးမှ ဝင်ခွင့်ရလို့ ဒီနားခိုဆောင်ထဲ ဝင်ရတာက တကယ့်ကို လုံခြုံတယ်လို့ ခံစားရပါတယ်” ဟု ပြောကြားခဲ့သည်။                           


READ NEXT
Cancel OK