Top News

ပါကစ္စတန်သူလျှိုအေဂျင်စီက မြန်မာနိုင်ငံတွင် အကြမ်းဖက်အုပ်စုများကို လေ့ကျင့်ပေးနေ
24htopnews | January 1, 2025 9:12 PM CST

ပါကစ္စတန်သူလျှိုအေဂျင်စီဖြစ်သော Inter-Services Intelligence (ISI) က မြန်မာနိုင်ငံတွင် အကြမ်းဖက်အုပ်စုများကို လေ့ကျင့်ပေးနေပြီး အဓိကရည်မှန်းချက်မှာ နယ်ခြားဖြတ်ကျော်လျက် အကြမ်းဖက်မှုများ လုပ်ဆောင်စေခြင်းဖြင့် ဒေသတွင်းရှိ အချို့နိုင်ငံများကို မတည်မငြိမ်ဖြစ်အောင် ပြုလုပ်ရေးဖြစ်ကြောင်း သိရသည်။

ဘရက်ဆဲမြို့အခြေစိုက် ဘယ်ဂျီယမ် အဖွဲ့ဖြစ်သော တောင်အာရှဒီမိုကရက်ဖိုရမ် အဖွဲ့မှ သုံးသပ်သူတစ်ဦးဖြစ်သည့် ဆီးဖရစ်အိုဝုဖ်က ဘင်္ဂလားဒေ့ရှ် ဂျာမက်အူမူဂျာဟစ်ဒင်အဖွဲ့ JMB က ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) ၄၀ ဦးကို သင်တန်းပေးနေမှု၌ ISI ပါဝင်ပတ်သက်နိုင်ဖွယ်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

အဆိုပါသုံးသပ်သူက နယ်ခြားဖြတ်ကျော်လျက် အကြမ်းဖက်မှုများ လုပ်ဆောင်စေရန် တတိယနိုင်ငံတစ်ခုကို ရွေးချယ်ခြင်းသည် ပါကစ္စတန်နိုင်ငံအတွက် ပိုမိုကောင်းမွန်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းက ပါကစ္စတန်အစိုးရသည် အကြမ်းဖက်သမားများကို လက်ခံထားကာ ထောက်ပ့ံပေးပြီး ဒေသတွင်း၌ မတည်ငြိမ်မှုများကို ဖန်တီးရန် အာဖဂန်နစ္စတန်နှင့် အိန္ဒိယတို့အပါအဝင် နိုင်ငံများ၌ တိုက်ခိုက်မှုများ လုပ်ဆောင်စေသည်ဟူသည့်အချက်ကို ထပ်မံခိုင်လုံ သွားစေခဲ့သည်။

၂၀၁၆ ခုနှစ်က JMB အဖွဲ့သည် ဒါကာမြို့ သံတမန်ရပ်ကွက်အနီးရှိ Holey Artisan ကော်ဖီဆိုင်တွင် တိုက်ခိုက်မှုတစ်ရပ် ပြုလုပ်ခဲ့ရာ နိုင်ငံခြားသားအများစုပါဝင်သည့် လူပေါင်း ၂၂ ဦး သေဆုံးခဲ့ရသည်။

ယခုသတင်းအရ မြန်မာနိုင်ငံနှင့် နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) ဒုက္ခသည်စခန်းများသည် အကြမ်းဖက်အုပ်စုများအတွက် ပစ်မှတ်တစ်ရပ် ဖြစ်လာကြောင်း တွေ့ရှိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ အဗ္ဗဒါရာရှစ်က အစွန်းရောက် ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) များက ကြိုးပမ်းမှုများ ရှိခဲ့ဖူးသော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်းတို့အား အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် ခွင့်ပြုခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယအရှေ့မြောက်ပိုင်းရှိ သူပုန်များနှင့် ဆက်နွှယ်နေသည့် ယင်းကဲ့သို့သော ကိစ္စရပ်များနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ယခုအထိ အိန္ဒိယနိုင်ငံကို ကူညီခဲ့သည်ဟုလည်း ရာရှစ်က ပြောကြားခဲ့သည်။

ပါကစ္စတန်သည် အိန္ဒိယကို မတည်မငြိမ်ဖြစ်စေရန်အတွက် အစွန်းရောက်အုပ်စုများကို ထောက်ပ့ံမှုများ ပြုလုပ်နိုင်သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယင်းကဲ့သို့ ခွင့်ပြုမည်မဟုတ်သည်မှာ သေချာသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ဒုက္ခသည်စခန်းများ၌ အစွန်းရောက်ဝါဒ ပျံ့နှံ့စေရန် ကြိုးပမ်းမှုများသည် ယခင်ကလည်း အထင်ကရ အောင်မြင်မှုရရှိသည်ဟု သက်သေမပြနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ရှာရီယာအလမ်က ပြောကြားခဲ့သည်။

အာဆာအဖွဲ့ ARSA သည် ယခုအခါ နယ်စပ်သို့ ပြန်လည်ရောက်ရှိလာပြီး စစ်ဆင်ရေးများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု မြန်မာစစ်ဘက်ဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အာဆာအဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများအတွင်း ညအချိန်တွင် လှုပ်ရှားကြသော်လည်း နေ့အချိန်၌ ရုပ်ဖျက်ထားကြသည်ဟု ဆိုသည်။ အာဆာအဖွဲ့ခေါင်းဆောင် အတ္တာအူလာဆိုလျှင်လည်း ပါကစ္စတန်နိုင်ငံတွင် မွေးဖွားကာ ဆော်ဒီအာရေဗျတွင် ကြီးပြင်းခဲ့သူဖြစ်သည်ဟု ဆိုသည်။

အူလာနှင့် သူ၏နောက်လိုက်များသည် စစ်ရေးနည်းဗျူဟာများနှင့် ဖောက်ခွဲရေးလုပ်ဆောင်ခြင်းတို့အတွက် လေ့ကျင့်ထားသူများ ဖြစ်ကြသည်။ ဘင်္ဂလားဒေ့ရှ် - မြန်မာနယ်စပ်တွင် လှုပ်ရှားလျက်ရှိသော အာဆာအဖွဲ့သည်လည်း ၎င်းတို့သည် ပါကစ္စတန်တာလီဘန်အဖွဲ့ TTP ထံမှ သင်တန်းပေးခြင်းကို လက်ခံရရှိခဲ့ကြောင်း TTP အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

ကော့ဘဇား၌ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်နေသည့် နိုင်ငံခြားသံတမန်များ၏ အဆိုအရ ARSA နှင့် JMB တို့သည် ဆက်နွှယ်မှုရှိနေပြီး လက်နက်ကိုင်သင်တန်းများ တက်နေသည့် ၎င်းတို့၏ ဗီဒီယိုဖိုင်များသည် လူမှုမီဒီယာများ၌ ထွက်ပေါ်လာတတ်ကြောင်း သိရသည်။

ARSA အဖွဲ့က အသုံးပြုသည့် သေနတ်များမှာ AK-47, M-21, M-22 နှင့် M-16 ရိုင်ဖယ်အဟောင်းများ ဖြစ်ကြပြီး ယင်းတို့ထဲမှအချို့သည် မြန်မာနိုင်ငံရှိ ရဲစခန်းများကို စီးနင်းတိုက်ခိုက်စဉ်အတွင်း ယင်းအဖွဲ့က သိမ်းယူခဲ့ခြင်းဖြစ်ပုံရကြောင်း သိရသည်။                               

 

 

         

         


READ NEXT
Cancel OK