Top News

ထိုင်ဝမ်က အမေရိကန်ထံမှ F-16 တိုက်လေယာဉ် ၆၆ စင်းဝယ်ယူမှုကို အပြီးသတ်စာချုပ်ချုပ်ဆို
24htopnews | January 1, 2025 9:12 PM CST

အမေရိကန် လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Lockheed Martin ထံမှ F-16 တိုက်လေယာဉ် ၆၆ စင်းဝယ်ယူရန် ထိုင်ဝမ်က သြဂုတ် ၁၄ ရက်တွင် အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၁၀ နှစ် စာချုပ်သက်တမ်းဖြင့် စုစုပေါင်းဒေါ်လာ ၆၂ ဘီလျံ တန်ဖိုးရှိသည့် F-16 တိုက်လေယာဉ်များကို ဝယ်ယူမည့် ထိုသဘောတူစာချုပ်သည် တရုတ်ကို ဒေါသ ထွက်စေလိမ့်မည်ဖြစ်သည်။

အရောင်းအဝယ်ကိစ္စ၏ အလွန်အမင်း အရေးကြီးမှုကို အလေးပေးလျက် ပင်တဂွန်က ဝယ်ယူသူကို အတိအကျမဖော်ပြခဲ့ဘဲ တိုက်လေယာဉ် ရောင်းချမည့်အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါ အရောင်းအဝယ်ကိစ္စနှင့်ပတ်သက်၍ သိရှိထားသည့် သတင်းရင်းမြစ်တစ်ဦးက ဝယ်ယူသူသည် ထိုင်ဝမ်ဖြစ်ကြောင်း အေအက်ဖ်ပီသို့ အတည်ပြုခဲ့သည်။

၎င်း၏နယ်မြေ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု တရုတ်က သတ်မှတ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းသည် မျိုးဆက်သစ် F-16 တိုက်လေယာဉ် ၆၆ စင်းကို ဝယ်ယူရန် ပြီးခဲ့သည့်နှစ်တွင် အမေရိကန်အစိုးရထံမှ ခွင့်ပြုချက် ရရှိခဲ့သည်။

ထိုင်ဝမ်တွင် ၁၉၉၂ ခုနှစ်က ဝယ်ယူထားခဲ့သည့် F-16 တိုက်လေယာဉ်တပ်စု တစ်စုရှိသည်။ ကနဦးမှာယူထားသော တိုက်လေယာဉ်အစင်း ၉၀ အတွက် ချုပ်ဆိုုခြင်းဖြစ်သည်ဟု ပင်တဂွန်က ဆိုထားသော ထိုစာချုပ်သစ်သည် အဆင့်မြင့်နည်းပညာနှင့် အမျိုးမျိုးသောလက်နက်များ ပါဝင်သော ပိုမိုခေတ်မီသည့် တိုက်လေယာဉ်များ ထောက်ပံ့ပေးလိမ့်မည်ဖြစ်သည်။

တရုတ်က ထိုင်ဝမ်ကို ၎င်း၏နယ်မြေ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားပြီး ထိုင်ဝမ်အနေဖြင့် လွတ်လပ်ရေးကြေညာရန် ရှေ့ဆက်ဦးတည်နေမည်ဆိုပါက အင်အားသုံး၍ တုံ့ပြန်မည်ဟု ပြောကြားထားသည်။

အမေရိကန်သည် ထိုင်ဝမ်သို့ လက်နက် အဓိကရောင်းချသည့် နိုင်ငံလည်းဖြစ်သည်။

ကမ္ဘာ့ဘဏ္ဍာရေး ဗဟိုချက်ဖြစ်သော ဟောင်ကောင်တွင် လုံခြုံရေးဥပဒေပြဋ္ဌာန်းခြင်းဖြင့် တရုတ်အစိုးရက ဟောင်ကောင်၌ ၎င်း၏နိုင်ငံရေးအင်အားကို ပြသနေစဉ်တွင် Lockheed Martin ထံမှ တိုက်လေယာဉ်များ ဝယ်ယူမည့်စာချုပ် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့၏ ထိုင်ဝမ်ခရီးစဉ် ထွက်ပေါ်လာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ထွက်ရှိလာခဲ့သည့် တိုက်လေယာဉ်အရောင်းအဝယ်ကိစ္စသည် ကုန်သွယ်ရေးမှသည် စစ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ၊ လူ့အခွင့်အရေးနှင့် COVID-19 ကပ်ရောဂါဖြစ်ပွားမှု စသော ကိစ္စရပ်များနှင့်ပတ်သက်၍ အင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးအခြေအနေ တင်းမာနေချိန်တွင် တရုတ်၏ဒေါသကို ဆွပေးသကဲ့သို့ ရှိနေသည်။


READ NEXT
Cancel OK