Top News

နယ်စပ်တင်းမာမှုနှင့်ပတ်သက်ပြီး တရုတ်ကို မိုဒီသတိပေး
24htopnews | January 1, 2025 9:12 PM CST

နယ်စပ်တင်းမာမှု မြင့်တက်လာနေခြင်းအတွက် အိန္ဒိယဝန်ကြီးချုပ်မိုဒီက တရုတ်ကို သတိပေးခဲ့ပြီး ခိုင်မာတောင့်တင်းသော စစ်တပ်တည်ဆောက်ရန် ကတိပြုကြောင်း သြဂုတ် ၁၅ တွင် ပြောကြားခဲ့သည်။

ဟိမဝန္တာရှိ နယ်စပ်ဒေသတွင် စစ်ရေးတင်းမာမှု ကြီးထွားနေခြင်းအတွက် တရုတ်နှင့် ဆွေးနွေးခဲ့မှုများနှင့် ပတ်သက်ပြီး အိန္ဒိယ အချုပ်အခြာအာဏာသည် အရေးကြီးဆုံးဖြစ်ကြောင်း အိမ်နီးချင်းများနှင့် ဆက်ဆံရေးတွင်  လုံခြုံရေးနှင့် ယုံကြည်မှုကို အဓိကထားကြောင်း အိန္ဒိယလွတ်လပ်ရေးနေ့ အခမ်းအနားမိန့်ခွန်း‌တွင် မိုဒီက ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် လွတ်လပ်ရေးနေ့မိန့်ခွန်းအတွက် နယူးဒေလီရှိ ခံတပ်နီသို့ တက်ရောက်သူအရေအတွက်ကို ထက်ဝက်လျှော့ချထားခဲ့ပြီး တက်ရောက်သူ ၄၀၀၀ အား နှစ်မီတာခြားထိုင်ရန် နေရာချထားခဲ့သည်။

အငြင်းပွားနယ်စပ်များတွင် တရုတ်၊ ပါကစ္စတန်တို့နှင့် ထိပ်တိုက်တွေ့ဆုံခဲ့မှုများကို မိုဒီက လွတ်လပ်ရေးမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း ထိုနှစ်နိုင်ငံ၏အမည်ကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။

“ နိုင်ငံရဲ့အချုပ်အခြာကို လာထိပါးတဲ့ ဘယ်သူ့ကိုမဆို အိန္ဒိယစစ်တပ်က တူညီသော တုံ့ပြန်ခြင်းနဲ့ အဖြေပေးမှာပါ” ဟု မိုဒီက ပြောကြားခဲ့သည်။

“ အိန္ဒိယရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲမှုဟာ ကျွန်တော်တို့အတွက် အထွတ်အထိပ်ပါပဲ။ ကျွန်တော်တို့ ဘာလုပ်နိုင်တယ်။ ကျွန်တော်တို့စစ်သားတွေ ဘာလုပ်နိုင်တယ်ဆိုတာ လူတိုင်းလူတိုင်း လာဒတ်မှာ တွေ့ခဲ့ကြမှာပါ” ဟု ဟိမဝန္တာနယ်ခြားလာဒတ်တွင် တရုတ်တပ်ဖွဲ့ဝင်များနှင့် နယ်စပ်ပဋိပက္ခကို ရည်ညွန်းပြီး မိုဒီက ပြောကြားခဲ့သည်။

ဇွန် ၁၅ ကဖြစ်ပွားခဲ့သော နယ်စပ်ပဋိပက္ခတွင် အိန္ဒိယစစ်သား ၂၀ သေဆုံးခဲ့သည်။ တရုတ်ဘက်က ထိခိုက်သေဆုံးမှုများရှိကြောင်း ဝန်ခံခဲ့သော်လည်း အရေအတွက်ကို မထုတ်ပြန်ခဲ့ပေ။

ထိုရင်ဆိုင်တိုက်ပွဲအတွက် နှစ်ဖက်စလုံးက အပြန်အလှန်အပြစ်တင်ခဲ့ကြပြီး အိန္ဒိယနှင့် တရုတ်တပ်ဖွဲ့ဝင်များ ထောင်ချီ၍ နယ်ခြားသို့ ရောက်ရှိခဲ့ကြသည်။ အိန္ဒိယနှင့် တရုတ်သည် ၁၉၆၂ ခုနှစ်က နယ်စပ်စစ်ပွဲ ခေတ္တဖြစ်ခဲ့ဖူးသည်။

ဇွန်လက တိုက်ပွဲတွင် နယ်မြေဆုံးရှုံးခဲ့မှုမရှိဟု မိုဒီက အခိုင်အမာပြောကြားသော်လည်း အိန္ဒိယက ဆယ်စုနှစ်ချီ ပိုင်ဆိုင်လာသော ယင်းနယ်ခြားတွင် တရုတ်တပ်ဖွဲ့များက အခြေချသိမ်းထားကြောင်း ဂြိုဟ်တုပုံရိပ်များကို အသုံးပြုပြီး စစ်ရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အိန္ဒိယသည် တရုတ်ကို စီးပွားရေးလက်နက်သုံး၍ တုံ့ပြန်ခဲ့ပြီး Tik Tok အပါအဝင် မိုဘိုင်းဆော့ဖ်ဝဲ ၅၉ ခုကို ပိတ်ပင်ခဲ့သည့်အပြင် တရုတ်သွင်းကုန်များကိုလည်း ပိတ်ပင်ခဲ့သည်။

ယခုအခါ အိမ်နီးချင်းဆက်ဆံရေးကို လုံခြုံရေး၊ တိုးတက်မှု၊ ယုံကြည်မှုတို့နှင့် ချိတ်ဆက်ထားကြောင်း မိုဒီက ပြောကြားခဲ့သည်။ စစ်သား ၁.၄ သန်း အင်အားရှိသော စစ်တပ်ကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်း  မိုဒီက ပြောကြားခဲ့သည်။


READ NEXT
Cancel OK