
အမေရိကန်အစိုးရက ၎င်းအား ပစ်မှတ်ထားချမှတ်ခဲ့သော ပိတ်ဆို့အရေးယူမှုများကို မမှုကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က သြဂုတ် ၁၈ တွင် ပြောကြားခဲ့ပြီး ဟောင်ကောင် ထုတ်ကုန်ပစ္စည်းများအတွက် အမေရိကန်က ပြဋ္ဌာန်းခဲ့သော လိုအပ်ချက်အသစ်တွက်ကိုမူ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံ တိုင်ကြားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။
ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်တွင် နိုင်ငံရေးလွတ်လပ်ခွင့်များ ပိတ်ပင်တားဆီးမှု စွပ်စွဲချက်နှင့် ကာရီလမ်နှင့် အခြားဟောင်ကောင်အစိုးရ တာဝန်ရှိသူများ၊ တရုတ်ပြည်မကြီးမှ တာဝန်ရှိသူများကို အမေရိကန်က ယခုလအတွင်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။
“ ကျွန်မရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာတွေမှာ မသက်မသာ ဖြစ်ပေမယ့်လည်း ဘာမှတော့ ထိခိုက်တာ မရှိပါဘူး။ ဟောင်ကောင်နဲ့ ဟောင်ကောင်ပြည်သူတွေအတွက် ကောင်းမွန်တာကို ကျွန်မတို့ ဆက်လုပ်သွားမှာပါ” ဟု ကာရီလမ်က ပြောကြားခဲ့သည်။
ဟောင်ကောင်တွင် ယမန်နှစ်က တရုတ်ဆန့်ကျင်သော ဒီမိုကရေစီဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီးနောက် တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေကို တရုတ်က ပြဋ္ဌာန်းခဲ့သည်။ ထိုဆောင်ရွက်ချက်အား တုံ့ပြန်သည့်အနေနှင့် အမေရိကန်က ပိတ်ဆို့အရေးယူမှုများ ပြဋ္ဌာန်းခဲ့သည်။
ဟောင်ကောင်နှင့် တရုတ်မှ ပစ်မှတ်ထား အရေးယူခံရသူများ၏ အမေရိကန်ရှိ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းထားမည်ဖြစ်ပြီး အမေရိကန်နိုင်ငံသားက ၎င်းတို့နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကိုလည်း တားမြစ်ပိတ်ပင်မည်ဖြစ်သည်။
အမေရိကန်သို့ ကိုယ်တိုင် မသွားရောက်နိုင်သော်လည်း သူ၏အစိုးရသည် အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားပေးမည်ဖြစ်ကြောင်း ကာရီလမ်က ပြောကြားခဲ့သည်။
ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်တွင် ထုတ်လုပ်သော ကုန်ပစ္စည်းများ အမေရိကန်သို့ တင်သွင်းမည်ဆိုပါက စက်တင်ဘာ ၂၅ မှစပြီး တရုတ်တွင် ထုတ်လုပ်သည်ဟု အညွှန်း ကပ်ပေးရမည်ဖြစ်ကြောင်း အမေရိကန်အစိုးရက ပြဋ္ဌာန်းခဲ့သည်။
ဟောင်ကောင်နှင့် တရုတ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် သီးခြားအဖွဲ့ဝင်များ ဖြစ်ပြီး အမေရိကန်၏ ဆုံးဖြတ်ချက်ကို ဟောင်ကောင်က တိုင်ကြားမည်ဖြစ်ကြောင်း လမ်က ပြောကြားခဲ့သည်။
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် အရှက်ကင်းမဲ့ပြီး စက်ဆုပ်ဖွယ်ရာ ဖြစ်ကြောင်း၊ တရုတ် ပြည်တွင်းရေးကို ပြောင်ကျကျ ဝင်ရောက်စွက်ဖက်မှု ဖြစ်ကြောင်း ဟောင်ကောင်အစိုးရက ရှုတ်ချထားသည်။
ဟောင်ကောင်၏ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အမျိုးသားလုံခြုံရေးဥပဒေသည် လိုအပ်သည်ဟု ဟောင်ကောင်အစိုးရနှင့် တရုတ်အစိုးရက ပြောကြားထားပြီး တရုတ်၏တရားဝင်အခွင့်အရေးကို ပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီမိုကရေစီလိုလားသော မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်အား ပြီးခဲ့သည့်သီတင်းပတ်တွင် ဖမ်းဆီးခဲ့မှုနှင့်ပတ်သက်၍ လမ်ကို မေးမြန်းခဲ့ရာ သီးခြားမှတ်ချက် မပေးခဲ့ဘဲ အခြားနိုင်ငံများက ထုတ်ဖော်ပြောကြားနေသော စံနှုန်းနှစ်မျိုး စိုးရိမ်မှုများကို သတိရှိရန် ပြောကြားခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ဟောင်ကောင် ရွေးကောက်ပွဲ တစ်နှစ် ရွှေ့ဆိုင်းရန် အစိုးရ၏ဆုံဖြတ်ချက်ကို ဝေဖန်နေသော နိုင်ငံများသည် အခြားနိုင်ငံများ၏ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှုများကို အလားတူ မဝေဖန်ကြောင်း လမ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်