Top News

ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးများက ခရီးသွားလာမှုကန့်သတ်ချက်များ ဖြေလျှော့ရန် ဆွေးနွေး
24htopnews | January 1, 2025 10:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် လနှင့်ချီ ပိတ်ပင်ကန့်သတ်ချက်များ ချမှတ်ထားမှုများက ကမ္ဘာ့စီးပွားရေးကို အထိနာစေခဲ့စဉ် ဂျီ ၂၀ နိုင်ငံခြားရေးဝန်ကြီးများသည် ခရီးသွားလာမှုကန့်သတ်ချက်များအား ဖြေလျှော့ပေးရန်နှင့် နယ်စပ်များအား ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် စက်တင်ဘာ ၃ တွင် ဆွေးနွေးခဲ့ကြသည်။

ကမ္ဘာတစ်ဝန်း စီးပွားရေးလုပ်ငန်းများ ပိတ်ထားရပြီး ဝင်ငွေများ ထိုးကျကာ လူသန်းနှင့်ချီ အလုပ်လက်မဲ့များ ဖြစ်ခဲ့ရစဉ် နိုင်ငံအလိုက် မတူညီသော အတိုင်းအတာနှင့်အချိန် ဇယားများဖြင့် ချမှတ်ထားသော Lockdown စီမံချက်များကြောင့် လူနေမှုဘဝများကို အလွန်အမင်း ထိခိုက်စေခဲ့သည်။

စီးပွားရေးလုပ်ငန်းများအား တစ်ဖန်အားသစ်လောင်းနိုင်ရန်အတွက် စီမံချက်များ ချမှတ်ခြင်း၊ မိသားစုဝင်များအား ဆုံဆည်းစေခြင်းနှင့် နယ်စပ်များအား ပြန်ဖွင့်ခြင်းတို့သည် အလွန်အမင်း အရေးကြီးကြောင်းကို နိုင်ငံခြားရေးဝန်ကြီးများက ဆွေးနွေးမှုအတွင်း အသိအမှတ်ပြု လက်ခံခဲ့ကြောင်း ဂျီ ၂၀ အဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

လူ့အသက်များနှင့် နေထိုင်မှုများအား ကာကွယ်ရန်အတွက် နယ်စပ်များတစ်လျှောက် ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအတွက် ပူးပေါင်းဆောင်ရွက်ရန် အရေးပါမှုကိုလည်း ဝန်ကြီးများက ဆွေးနွေးခဲ့ကြကြောင်း ဆော်ဒီအာရေဗျက ဦးဆောင်သော အွန်လိုင်းအစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ကန့်သတ်ရန်အတွက် လနှင့်ချီ နိုင်ငံတကာ ခရီးသွားလာမှုများအား ဆိုင်းငံ့ခဲ့သော ရေနံကြွယ်ဝသည့် ဆော်ဒီက ယခုနှစ် ဂျီ ၂၀ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည်။

ကြိုတင်ကာကွယ်ရေးစီမံချက်များနှင့် အညီ နယ်စပ်များအား ပြန်ဖွင့်ခြင်းက မိမိတို့၏ စီးပွားရေးကို အားသစ်ပြန်လောင်းရန်၊ ပြည်သူများ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးမည်ဖြစ်ပြီး လူသားများအတွက် မျှော်လင့်ချက်များ အမှန်တကယ် ဆောင်ယူပေးလိမ့်မည်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင်ဖာဟန်က ပြောကြားခဲ့သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လတ်တလော ချမှတ်ထားသော ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်မှုများသည် လက်ငင်းအကျပ်အတည်းအား ရှည်ကြာစေမည်ကို စိုးရိမ်မှုမြင့်မားလာနေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားခဲ့သည်။ သိပ္ပံနည်းကျ ချဉ်းကပ်မှုအား အခြေခံပြီး ကန့်သတ်ချက်များကို ရုပ်သိမ်းပေးရန် ဘုံစံများအား ဂျီ ၂၀ က သဘောတူကြရန်လည်း ဂူတာရက်စ်က တိုက်တွန်းခဲ့သည်။

ရောဂါစစ်ဆေးမှုနှင့်ခြေရာခံမှုတို့အား အရှိန်မြှင့်သည့် စီမံချက်များအပါအဝင် ဘေးကင်းသော ခရီးသွားလာမှုများအား ထောက်ပံ့ပေးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ကြရန် ဝန်ကြီးများအား တိုက်တွန်းကြောင်းလည်း ဂူတာရက်စ်က ပြောကြားခဲ့သည်။

ယခုအခါ ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်သူ စုစုပေါင်း ၂၅ သန်းကျော်အနက် ၈၅၀၀၀၀ ကျော် သေဆုံးခဲ့စဉ် Lockdown စီမံချက်များကြောင့် အိန္ဒိယမှသည် ဥရောပအထိ အဓိကနိုင်ငံများတွင် စီးပွားရေးအထိနာခဲ့သော ကိန်းဂဏန်းများအား မကြာသေးမီက ထုတ်ပြန်မှုအပြီး ဂျီ ၂၀ အဖွဲ့၏ အစည်းအဝေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။       

 


READ NEXT
Cancel OK