Top News

ဘီလာရုစ်အရေး တင်းမာနေစဉ် အမေရိကန်တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်ရန် လစ်သူယေးနီးယားသို့ ရောက်ရှိ
24htopnews | January 1, 2025 10:12 PM CST

အငြင်းပွား သမ္မတရွေးကောက်ပွဲအပြီး အစိုးရဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားနေသော ဘီလာရုစ်နှင့်ပတ်သက်၍ တင်းမာမှုများ ရှိနေစဉ် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် တင့်ကားများသည် စစ်ရေးလေ့ကျင့်မှုအတွက် နှစ်လကြာတပ်စွဲထားရန် ဘီလာရုစ်နယ်စပ်အနီး လစ်သူယေးနီးယားသို့ စက်တင်ဘာ ၄ တွင် ရောက်ရှိလာခဲ့သည်။ သို့သော် ယင်းသည် ရုရှားကျောထောက်နောက်ခံပြု ဘီလာရုစ်ကို သတင်းစကားပေးပို့မှု မဟုတ်ကြောင်း လစ်သူယေးနီးယားအစိုးရက ထုတ်ပြန်ခဲ့သည်။

ကြိုတင်စီစဉ်ထားသောစစ်ရေးလေ့ ကျင့်မှုများအတွက် အမေရိကန်တပ်ဖွဲ့ဝင်များအား ပိုလန်မှ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း နေတိုးအဖွဲ့ဝင် လစ်သူယေးနီးယားက စက်တင်ဘာ ၂ ညနေတွင် ကြေညာချက်ထုတ် ပြန်ခဲ့သည်။ ယင်းသည် ကာကွယ်ရေးသက်သက် လေ့ကျင့်မှုဖြစ်ပြီး ဘီလာရုစ်အပါအဝင် မည်သည့်အိမ်နီးချင်းနိုင်ငံကိုမျှ မရည်ညွှန်းကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

သို့သော် ထိုတပ်ဖွဲ့ဝင်များသည် နိုင်ငံသို့ အစောပိုင်းကတည်းက ရောက်ရှိနေခဲ့ပြီး ဘီလာရုစ်တွင် သြဂုတ် ၉ က သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒပြမှုများမတိုင်မီကတည်းက ရောက်ရှိနေခဲ့ကြောင်း လစ်သူယေးနီးယားအစိုးရက ဆိုခဲ့သည်။

သမ္မတရွေးကောက်ပွဲတွင် အကြံအဖန်လုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပြီး ရာထူးမှနုတ်ထွက်ရန် ဆန္ဒပြသူများ၏တောင်းဆိုမှုများအား ပယ်ချခဲ့သော ဘီလာရုစ်ကာလ ရှည်ကြာအုပ်စိုးသူ အလက်ဇန္ဒာလူကာရှင်ကိုက နေတိုးမဟာမိတ်အဖွဲ့သည် နိုင်ငံနယ်စပ်များအနီး စစ်ရေးအင်အား ချဲ့ထွင်နေကြောင်း စွပ်စွဲခဲ့ပြီး လိုအပ်ပါက ရုရှား၏ စစ်ဘက်အကူအညီကို တောင်းခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လစ်သူယေးနီးယားတွင် စက်တင်ဘာ ၄ မှစတင်၍ နိုဝင်ဘာအထိ တပ်စွဲထားမှု၌ အမေရိကန်တပ်ဖွဲ့ဝင် ၅၀၀၊ Abrams တင့်ကားနှင့် Bradley သံချပ်ကာယာဉ်များကဲ့သို့ စစ်ဘက်သုံးယာဉ်အစီး ၄၀ တို့ ပါဝင်ကြောင်း လစ်သူယေးနီးယားစစ်ဘက်ပြော ခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်သည် စစ်သား ၃၀၀ မှ ၁၀၀၀ အကြား တပ်ရင်းတစ်ရင်းစာအား သီတင်းပတ်နှစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုအတွက် စက်တင်ဘာတွင် စေလွှတ်မည်ဖြစ်ကြောင်း လစ်သူယေးနီးယား ကာကွယ်ရေးဝန်ကြီး Raimundas Karoblis က BNS သတင်းဌာနသို့ ဇူလိုင် ၂၉ တွင် ပြောကြား ခဲ့သည်။ အစိုးရရေဒီယို LRT နှင့် သြဂုတ် ၄ က အင်တာဗျူးတစ်ခုတွင်လည်း ၎င်းက အလားတူ ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၄ မှ ၂၅ အထိ ပြုလုပ်မည့် နှစ်ပတ်လည် ထိုစစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်အပြင် ပြင်သစ်၊ အီတလီ၊ ဂျာမနီနှင့် ပိုလန်နှင့် အခြားနိုင်ငံများမှ တပ်ဖွဲ့ဝင် ၁၀၀၀ အထိနှင့် စစ်လေယာဉ်များလည်း ပါဝင်ကြမည်ဖြစ်ကြောင်း လစ်သူယေးနီးယားက ထုတ်ပြန်ခဲ့သည်။                         

 


READ NEXT
Cancel OK