Top News

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အောက်တိုဘာလကုန်တွင် ရရှိနိုင်ဟု အမေရိကန် ပြောကြား
24htopnews | January 1, 2025 10:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ အောက်တိုဘာ နှောင်းပိုင်းတွင် ဖြန့်ချိရန် အသင့်ဖြစ်နိုင်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူများနှင့် Pfizer ကုမ္ပဏီတို့က စက်တင်ဘာ ၃ တွင် ပြောကြားခဲ့သည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒုတိယသက်တမ်းအတွက် အနိုင်ရခြင်း ရှိ၊ မရှိသည် ဗိုင်းရပ်စ်ကပ်ဘေးက အဓိက အဆုံးအဖြတ်ဖြစ်ဖွယ်ရှိသည်။

အမေရိကန်တွင် လူ ၁၈၅၀၀၀ ကျော် သေဆုံးစေထားသော ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကာကွယ်ဆေး အလျင်အမြန် ထုတ်လုပ်ရေးအတွက် ဒေါ်လာဘီလျံ အမြောက်အမြားသုံးစွဲမည်ဟု ကတိပြုခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းမှုတွင် ထရန့်၏ခေါင်းဆောင်မှု ညံ့ဖျင်းသောကြောင့် အမေရိကန်သည် ကမ္ဘာတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံဖြစ်ခဲ့ကြောင်း ဝေဖန်သူများက ပြောကြားကြသည်။

အောက်တိုဘာနှောင်းပိုင်းတွင် ထိခိုက်မှုအမြင့်ဆုံး အုပ်စုများအတွက် ကာကွယ်ဆေး ဖြန့်ဖြူးပေးနိုင်ခြေရှိကြောင်း ပြည်နယ်ကျန်းမာရေးတာဝန်သူများအနေနှင့် ကာကွယ်ဆေးဖြန့်ဖြူးရန် အသင့်ပြင်ထားကြစေလိုကြောင်း အမေရိကန် Centers for Disease Control and Prevention (CDC) က တောင်းဆိုခဲ့သည်။

ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ Bio-NTech Se နှင့် ပူးတွဲထုတ်လုပ်နေသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရခြင်း ရှိ၊ မရှိကို အောက်တိုဘာ အကုန်တွင် သိရမည်ဟု Pfizer ကုမ္ပဏီက ပြောကြားခဲ့သည်။ စမ်းသပ်မှုရလဒ်များ ကောင်းမွန်ပါက ကာကွယ်ဆေးကို သဘောတူခွင့်ပြုချက်ရရှိရန် ကြိုးပမ်းမည်ဖြစ်ကြောင်း အမေရိကန်ဆေးဝါးကုမ္ပဏီကြီး Pfizer က ပြောကြားခဲ့သည်။ Pfizer သည် ကာကွယ်ဆေး အမြောက်အမြားကိုလည်း ထုတ်လုပ်နေပြီဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အောက်တိုဘာလကုန် မတိုင်မီ ရရှိရန် ဖြစ်နိုင်ဖွယ် မရှိသော်လည်း မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ကြောင်း  အမေရိကန်ကူးစက်ရောဂါဆိုင်ရာ ထိပ်တန်းအကြံပေး အန်တိုနီဖာချီက စက်တင်ဘာ ၃ တွင် ပြောကြားခဲ့သည်။

CDC သည် ပြည်နယ် ၅၀ နှင့် မြို့ကြီးငါးမြို့မှ တာဝန်ရှိသူအားလုံးကို ကာကွယ်ဆေးအစီအစဉ်အတွက် ဆက်သွယ်ခဲ့ကြောင်း နယူးယောက်တိုင်းမ်က အစောပိုင်းတွင် ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တစ်မျိုး သို့မဟုတ် နှစ်မျိုးကို ပမာဏအကန့်အသတ်နှင့် ရဖွယ်ရှိကြောင်း ထိုအတွက်ပြင်ဆင်နေကြောင်း CDC အေဂျင်စီ၏အထောက်အထားများက ဖော်ပြခဲ့သည်။

ကျန်းမာရေးအလုပ်သမားများ၊ အမျိုးသားလုံခြုံရေးဆိုင်ရာဝန်ထမ်းများ၊  သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွင်နေသူများ၊ ဝန်ထမ်းများကို ဦးစားပေးပြီး အခမဲ့ထိုးပေးရန် စီစဉ်ထားကြောင်း CDC အထောက်အထားများက ဆိုသည်။                   

 


READ NEXT
Cancel OK