Top News

စင်ကာပူသည် လုံခြုံစိတ်ချရသော နေရာအဖြစ်ဆွဲဆောင်မှုရှိသည့်နိုင်ငံဖြစ်ကြောင်း ဝန်ကြီးချုပ်က ပါလီမန်တွင် ပြောကြား
24htopnews | January 1, 2025 10:12 PM CST

မြို့ပြနိုင်ငံစင်ကာပူသည် အခြားနေရာများတွင် ကြုံနေရသော နိုင်ငံရေးမတည်ငြိမ်မှုမျိုးမရှိဘဲ ဘေးကင်းသည့်နေရာဖြစ်ကြောင်း ဝန်ကြီးချုပ်လီရှန်လွန်းက စက်တင်ဘာ ၂ တွင် ပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးနှေးကွေးနေချိန်မှာပင် စင်ကာပူသည် ကုမ္ပဏီများကို ဆွဲဆောင်နေဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သာယာစည်ပင်သော ဘဏ္ဍာရေးဗဟိုချက် စင်ကာပူသည် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီများအတွက် အာရှရုံးချုပ်အခြေစိုက်သည့်နေရာဖြစ်ပြီး နိုင်ငံခြားသားလူဦးရေ အများအပြားရှိသည့်နေရာလည်းဖြစ်သည်။

ပြိုင်ဘက်ဘဏ္ဍာရေး အချက်အချာ ဟောင်ကောင်တွင် ဆန္ဒပြမှုကြီးများ၊ တရုတ်၏ အငြင်းပွား လုံခြုံရေးဥပဒေပြဋ္ဌာန်းမှုတို့ကြောင့် နိုင်ငံရေးမတည်ငြိမ်မှုရှိနေသဖြင့် နိုင်ငံတကာကုမ္ပဏီများ စင်ကာပူသို့ ရွှေ့ပြောင်းလိမ့်မည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်နေသည်။

သို့သော်လည်း ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းများကိုဆွဲဆောင်ရန် ကြိုးပမ်းလိမ့်မည်မဟုတ်ကြောင်း လီရှန်လွန်းက ယခင်က ပြောကြားထားသည်။

စက်တင်ဘာ ၂ က ပါလီမန်တွင် မိန့်ခွန်းပြောကြားခဲ့သည့်လီက အာရှနှင့် ကမ္ဘာတစ်ဝန်းတွင် လူ့အဖွဲ့အစည်းများသည် ဖိအားများ ကြုံနေရပြီး နိုင်ငံရေးလည်း အပြောင်းအလဲများဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများက ဒေသဆိုင်ရာ ဌာနချုပ်များရှိသည့်နေရာများတွင် အပြောင်းအလဲများကို ပြန်လည်စဉ်းစားနေကြကြောင်း၊ နိုင်ငံရေးတည်ငြိမ်သော၊ ဥပဒေစိုး မိုးသော၊ အလုပ်ကြိုးစားပြီး ညီညွတ်သူများ ရှိသောနေရာကို ကုမ္ပဏီများက ရှာဖွေနေကြောင်း လီက ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းရင်ဆိုင်နေရသော ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် စင်ကာပူသည် ဒုတိယသုံးလပတ်တွင် စီးပွားရေး ၄၂.၉ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး စီးပွားရေးကျကပ်ကို ရင်ဆိုင်နေရသည်။

စီးပွားရေးအခြေအနေကျ ဆင်းနေသော်လည်း ရင်းနှီးမြှုပ်နှံမှုများသည် စင်ကာပူကို လာရောက်ရန် စိတ်ဝင်စားနေကြောင်း လီက ပြောကြားခဲ့သည်။

အခြားနိုင်ငံများ ကျပ်တည်းနေသည်ကို စင်ကာပူက မပျော်ရွှင်ကြောင်း ကျပ်တည်းနေသော ကမ္ဘာတွင် စင်ကာပူသည် ယုံကြည်စိတ်ချရသော နိုင်ငံအနည်းငယ်မှ တစ်နိုင်ငံဖြစ်ကြောင်း လီရှန်လွန်းက ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံခြားသားများ ငှားရမ်းခန့်ထားရေးတွင် တာဝန်ရှိသူများက မူဝါဒများ တင်းကျပ်နေသည့်တိုင် စင်ကာပူသည် နိုင်ငံခြားရွှေ့ပြောင်းအခြေများကို ကြိုဆိုနေဆဲဖြစ်ကြောင်း ဝန်ကြီးချုပ်လီက အခိုင်အမာပြောကြားခဲ့သည်။

စင်ကာပူလူဦးရေ ၅.၇ သန်းအနက် ၄၀ ရာခိုင်နှုန်းသည် နိုင်ငံခြားမှ ပြောင်းရွှေ့နေထိုင်သူများဖြစ်သည်။                         


READ NEXT
Cancel OK