
အိန္ဒိယ၌ စက်တင်ဘာ ၃ ရက် တစ်နေ့တည်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၃၈၈၃ ဦးရှိခဲ့ရာ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် နောက်တစ်ကြိမ် စံချိန်တင်ခဲ့သည်။
အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုင်ငံတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်စုစုပေါင်း ၃.၈၅ သန်းရှိပြီး ထိုပမာဏသည် ဘရာဇီးတွင်ရှိသော ကူးစက်သူ အရေအတွက်နှင့် ယှဉ်ပါက ၁၀၀၀၀၀ သာ လျော့နည်းနေခြင်းဖြစ်သည်။
အာရှတိုက်တွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အဆိုးရွားဆုံးဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံ၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်သည် အခြားသောကမ္ဘာ့နိုင်ငံများနှင့်ယှဉ်ပါက အမြင့်ဆုံးဖြစ်နေသည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သည်။ သို့သော် အိန္ဒိယတွင် ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်မှာ အမေရိကန်၊ ဘရာဇီးတွင်ရှိသော သေဆုံးသူအရေအတွက်နှင့်ယှဉ်ပါက နည်းပါးသည်။
စက်တင်ဘာ ၃ ရက်တွင် COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၀၄၃ ဦးရှိခဲ့ခြင်းကြောင့် နိုင်ငံတွင်း၌ သေဆုံးသူအရေအတွက်စုစုပေါင်း ၆၇၃၇၆ ဦး ရှိလာခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အိန္ဒိယ၌ နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် စံချိန်တင်မြင့်တက်နေစဉ် တရုတ်နိုင်ငံတွင်မူ ပြည်တွင်းကူးစက်မှုသစ် မဖြစ်ပွားသည်မှာ သီတင်းပတ်များစွာရှိ နေပြီဖြစ်ပြီး စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့သော ကူးစက်သူ ၁၁ ဦးမှာ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်ခြေရှိမှု အန္တရာယ်နည်းပါးသည်ဟု ယူဆရသော နိုင်ငံအချို့မှ ပျံသန်းဝင်ရောက်မည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ပေကျင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စက်တင်ဘာ ၂ ရက်မှစတင်၍ ဆိုက်ကပ်ခွင့်ပြုခဲ့သည်။
ကမ္ဘောဒီးယား၊ ဂရိ၊ ဒိန်းမတ်၊ ထိုင်း၊ ပါကစ္စတန်၊ သြစတြေးလျ၊ ကနေဒါ၊ ဆွီဒင်နိုင်ငံမှ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်မည့် ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်သို့မတက်မီတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရထားရခြင်းမရှိကြောင်း ရောဂါစစ်ဆေးချက် ရလဒ်အား ပထမဆုံး ပြသရမည်ဖြစ်သည်။ တရုတ်နိုင်ငံတွင်းသို့ ခရီးသည်ဝင်ရောက်မှုကို တစ်နေ့လျှင် ပျမ်းမျှ လူ ၅၀၀ ခန့်သာ ခွင့် ပြုသွားမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် နိုင်ငံတွင်းသို့ ရောက်ရှိလာချိန်တွင် သီတင်း နှစ်ပတ် အသွားအလာကန့်သတ်ခံရမည်ဖြစ်ကာ ရောဂါပိုးစစ်ဆေးမှုကို နောက်တစ်ကြိမ် ခံယူရမည်ဖြစ်သည်။
တရုတ်က ပေကျင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်ဖွင့်နေစဉ်တွင် ဗီယက်နမ်ကလည်း အာရှနိုင်ငံခြောက်နိုင်ငံ၏ မြို့ခြောက်မြို့သို့ စီးပွားဖြစ်ပျံသန်းပြေးဆွဲသည့် အသွား၊ အပြန် နိုင်ငံတကာလေကြောင်းခရီးစဉ်များကို ပြန်လည်ပြေးဆွဲရန်စီစဉ်နေကြောင်း Giao Thong သတင်းဌာနက ထုတ်ပြန်ခဲ့သည်။
ကွမ်ကျိုးမြို့၊ ဆိုးလ်မြို့၊ ဗီယန်ကျင်းမြို့၊ ဖနွမ်းပင်မြို့၊ တိုင်ပေနှင့်တိုကျိုသို့ ပျံသန်းပြေးဆွဲမည့် လေကြောင်းခရီးစဉ်များကို ပြန်လည်စတင်မည်ဖြစ်ပြီး ထိုခရီးစဉ်များကြောင့် ဗီယက်နမ်သို့ သီတင်းတစ်ပတ်လျှင် လူ ၅၀၀၀ ခန့် ဝင်ရောက်လာမည့်သဘောရှိသည်။ နိုင်ငံတွင်းသို့ဝင်ရောက်လာသူများအနေဖြင့် သီတင်းနှစ်ပတ် အသွားအလာ ကန့်သတ်၍ သီးခြားစောင့်ကြည့်ခံရမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်