Top News

ရုရှားအတိုက်အခံခေါင်းဆောင် နာဗာညီ ဆိုဗီယက်ခေတ် အဆိပ်တစ်မျိုးဖြင့် အဆိပ်ခတ်ခံခဲ့ရကြောင်း ဂျာမနီထုတ်ပြန်
24htopnews | January 1, 2025 10:12 PM CST

၂၀၁၈ ခုနှစ်တွင် ရုရှားသူလျှိုဟောင်း တစ်ဦးအား တိုက်ခိုက်မှု၌ အသုံးပြုခဲ့သော ဆိုဗီယက်ခေတ် အဆိပ်တစ်မျိုးဖြင့် ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီသည် အဆိပ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဂျာမနီအစိုးရက စက်တင်ဘာ ၂ တွင် ထုတ်ပြန်ခဲ့ရာ ထိုကိစ္စကို မော်စကိုက ဖြေရှင်းချက်ပေးရန် အနောက်တိုင်းခေါင်းဆောင်များက တောင်းဆိုခဲ့ကြသည်။ ရုရှားအစိုးရပါဝင်ပတ်သက်မှုရှိသည်ဟု ကျွမ်းကျင်သူများက ကျယ်ကျယ်ပြန့်ပြန့်ထောက်ပြခဲ့သော ထိုတွေ့ရှိချက်ကြောင့် ရုရှားနှင့် အနောက်တိုင်းအကြား တင်းမာမှု ထပ်မံမြင့်တက်စေခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်အား ပြင်းပြင်းထန်ထန် ဝေဖန်ဆန့်ကျင်သူဖြစ်သော နာဗာညီအား အဆိပ်ခတ်ခြင်းသည် လူသတ်ရန် ကြိုးပမ်းမှုဖြစ်ပြီး နှုတ်ပိတ်ရန် အားထုတ်မှုဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က ပြောကြားခဲ့သည်။ ရုရှားအစိုးရကသာ ဖြေရှင်းနိုင်သည့်၊ ဖြေရှင်းပေးရမည့် အလွန်အရေးကြီးသော မေးခွန်းများရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

နာဗာညီအား ကုသပေးနေသော ဘာလင်ဆေးရုံက ၎င်း၏အခြေအနေ တိုးတက်လာသော်လည်း အသက်ရှူထောက်ကူစက် ပေးထားရဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ နာဗာညီသည် ပြန်လည်နာလန်ထူရန် အချိန်ယူရမည်ဖြစ်ပြီး အဆိပ်ကြောင့် ၎င်း၏ကျန်း မာရေးအား ရေရှည်သက်ရောက်မှု ရှိနိုင်ကြောင်းကို ဆရာဝန်များက မပယ်ချခဲ့ပေ။

နာဗာညီအား စစ်ဆေးမှုအရ ၎င်းသည် Novichok အုပ်စုဝင် ဓာတုအဆိပ်တစ်မျိုး ခတ်ခံခဲ့ရမှုသည် သံသယဖြစ်စရာမရှိကြောင်း ဂျာမနီစစ်ဘက်ဓာတ်ခွဲခန်းတစ်ခု၏ရလဒ်တွင် ဖော်ပြခဲ့ကြောင်း ဂျာမနီအစိုးရက ထုတ်ပြန်ခဲ့သည်။ အင်္ဂလန်တွင် ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်း ဆာဂေးဆက်ကရီပါနှင့် သမီးဖြစ်သူတို့အား တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့်အဆိပ်သည် Novichok ဖြစ်ကြောင်း ဗြိတိန်အာဏာပိုင်များက ဖော်ထုတ်ခဲ့သည်။

ဓာတုလက်နက်အား အသုံးပြုမှုသည် အလွန်အမင်း လက်ခံနိုင်ဖွယ်မရှိကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောကြားခဲ့ပြီး ဖြစ်ပျက်ခဲ့သည့်အရာများကို ရှင်းပြရန် အီတလီက တောင်းဆိုခဲ့သည်။ ယင်းလုပ်ရပ်အား အလွန်အမင်း ရှုတ်ချကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် John Ullyot က Twitter တွင် ရေးသားခဲ့သည်။ အထောက်အထားများက မည်သည့်အရာများကို ဦးတည်နေသည်ဖြစ်စေ ထိုဖြစ်စဉ်တွင် ပါဝင်သူများအား တာဝန်ခံစေရန် မိမိတို့သည် မဟာမိတ်များ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးတွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဓာတုလက်နက်များအား မည်သည့်အသုံးပြုမှုမဆို အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်မှုဖြစ်ကြောင်း ဥရောပသမဂ္ဂ၏ ပြည်ပရေးရာအကြီးအကဲ Josep Borrel က လည်း ပြောကြားခဲ့သည်။                

 


READ NEXT
Cancel OK