Top News

ခမာနီအစိုးရ၏ ထိပ်တန်းအကျဉ်းစခန်းမှူး အသက် ၇၇ နှစ်အရွယ်တွင် ကွယ်လွန်
24htopnews | January 1, 2025 10:12 PM CST

ခမာနီအစိုးရလက်ထက်တွင် လူ ၁၅၀၀၀ ခန့် သတ်ဖြတ်မှုကို ကြီးကြပ်ကွပ်ကဲခဲ့သော ထိပ်တန်းအကျဉ်းစခန်းမှူး ဒုချ်သည်  အသက် ၇၇ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။ ကျောင်းဆရာဘဝမှ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်သူ ဖြစ်လာခဲ့သော ကိုင်ဂွက်အက်သည်  နာမည်ဆိုးနှင့် ကျော်ကြားသော တူအောစလန်အကျဉ်းထောင်ကို ဦးစီးရသူဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ခမာနီ လူသတ်အစိုးရ၏ အဖွဲ့ဝင်တစ်ဦးအဖြစ် ပြစ်ဒဏ်ချမှတ်ခံထားရသူဖြစ်သည်။

၁၉၄၂ ခုနှစ်တွင် မွေးဖွားခဲ့သော ဒုချ်သည် သချင်္ာဆရာဘဝမှ ခမာနီအစိုးရ၏ ထိပ်တန်းစစ်ကြောရေးမှူး ဖြစ်လာခဲ့သည်။ ၁၉၇၅-၁၉၇၉ အစွန်းရောက် မော်ဝါဒီခမာနီအစိုးရ လက်ထက်တွင် ဒုချ်သည် အထက်တန်းကျောင်းအား ထိန်းသိမ်းရေးစခန်းအဖြစ် ပြောင်းထားသော စခန်း၌ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ် ထောင်ပေါင်းများစွာကို ညှဉ်းပန်းနှိပ်စက်မှုကို ဦးစီးခဲ့သည်။

ထို့နောက် ဓားစာခံများကို အတင်းအကျပ် ဝန်ခံမှုများဆောင်ရွက်စေပြီး ဖနွမ်းပင်မြို့တော်အစွန်ရှိ လူသတ်ကွင်းများကို ပို့ခဲ့ကြသည်။ ခမာနီအစိုးရ အာဏာမှ ပြုတ်ကျခဲ့ပြီးနောက် ဒုချ်သည် ကွန်မြူနစ်လှုပ်ရှားမှုတွင် ဆက်လက်ကျင်လည်နေခဲ့သည်။

နောက်ပိုင်းတွင် ဒုချ်သည် ခရစ်ယာန်အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီး ကမ္ဘောဒီးယားအနောက်ပိုင်းတွင် နာမည်နောက်တစ်မျိုးနှင့် ကယ်ဆယ်ရေးအေဂျင်စီ၌ လုပ်ကိုင်နေခဲ့သည်။ ကမ္ဘောဒီးယားအများစုက ၎င်းအား သေဆုံးသွားခဲ့ပြီ ထင်ထားခဲ့ကြရာမှ ၁၉၉၉ ခုနှစ်တွင် ဒုချ်ကို ဖမ်းဆီးရမိခဲ့သည်။

ဒုချ်သည် ကမ္ဘောဒီးယား၏စစ်ရာဇဝတ်မှုခုံရုံးတွင် တရားရင်ဆိုင်ခဲ့ရသော ပထမဆုံးခမာနီအစိုးရ ထိပ်တန်းအရာရှိဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရသည်။

ဒုချ် သေဆုံးမှုက တရားမျှတမှုသည် ရှည်လျားပြီး ခက်ခဲသော လုပ်ငန်းစဉ်ဖြစ်ကြောင်း သတိပေးမှုဖြစ်သည်ဟု ခမာနီအစိုးရအကြောင်း သုတေသနပြုနေသည့်လုပ်ငန်း Documentation Center of Combodia မှ ဒါရိုက်တာ ယောက်ချန်းက ပြောကြားခဲ့သည်။

ဒုချ်ကို အထူးခုံရုံးတွင် စစ်ဆေးမေး မြန်းမှုက ရက်စက်သော ခမာနီအစိုးရ လက်ထက်တွင် ဒုက္ခခံစားခဲ့ကြသည့် ကမ္ဘောဒီးယား သန်းပေါင်းများစွာအတွက် သမိုင်းဝင်ဖြစ်ရပ်ဖြစ်ခဲ့သည်။ ခမာနီအစိုးရသည် လေးနှစ်တာ အုပ်စိုးမှုအတွင်း လူနှစ်သန်းနီးပါးကို သတ်ဖြတ်ခဲ့သည်။

ဒုချ်သည် မှတ်တမ်းဓာတ်ပုံအမြောက်အများကို သိမ်းဆည်းထားခဲ့ပြီး ၎င်း၏ဝန်ခံ ချက်များနှင့် အထောက်အထားများက အကျဉ်းသားဖြစ်ခဲ့သူများ၏ ဆိုးရွားလှသော ကာလများကို ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ခြေရာခံ တွေ့ရှိရန် ဖြစ်လာခဲ့သည်။

ဒုချ်သည် ခမာနီအစိုးရ၏ ဖြုတ်ထုတ်သတ် သန့်စင်မှုများကိုလည်း ဖော်ထုတ်ခဲ့သည်။ အစိုးရကို ဖြုတ်ချရန်၊ လူ့အဖွဲ့အစည်းကို ပြောင်းလဲရန်၊ နှိပ်စက်မှုများကို ဆန့်ကျင်ရန်အတွက် ၁၉၇၀ တွင် ခမာနီတို့၏ ကေဒါဖြစ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

၁၉၇၅ ခုနှစ်တွင် ခမာနီတို့ အာဏာရခဲ့ပြီးနောက် ဒုချ်သည် တူအော်စလန် အကျဉ်းစခန်း၏ဦးစီး ဖြစ်လာခဲ့သည်။ ထိုစခန်းတွင် ပညာမတတ်သော ဆယ်ကျော်သက်များကို ခန့်ထားခဲ့ပြီး ခမာနီဝါဒ အလွယ်တကူ သွတ်သွင်းနိုင်ခဲ့ကြောင်း ဒုချ်က ထွက်ဆိုခဲ့သည်။ ထိုအကျဉ်းစခန်းတွင် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ခွင့်လွှတ်မှုပေးရန် ဒုချ်က တောင်းဆိုခဲ့သည်။

နောက်ပိုင်းတွင် ဒုချ်က သူသည် ခမာနီအစိုးရ၏ အဆင့်မြင့် အရာရှိမဟုတ်သောကြောင့် ပြစ်ဒဏ်မှ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ဒုချ်သည် ဆေးရုံသို့ တက်လိုက်ဆင်းလိုက် ဖြစ်နေခဲ့သည်မှာ နှစ်များစွာ ကြာပြီဖြစ်သည်။ ဘဝ၏နောက်ဆုံးအချိန်များတွင် ဒုချ်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ခံစားခဲ့ရသည်။

 


READ NEXT
Cancel OK