
မဟာမိတ် အမေရိကန်က အမည်ပျက်စာရင်းသွင်းထားသော တရုတ်ကုမ္ပဏီများပါဝင်သည့် အခြေခံအဆောက်အအုံ စီမံကိန်းများကို ဖိလစ်ပိုင်က ရပ်တန့်မည် မဟုတ်ဟု ဖိလစ်ပိုင်အစိုးရက စက်တင်ဘာ ၁ တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သည် နိုင်ငံခြား အင်အားကြီးများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်မည်မဟုတ်ဘဲ ကိုယ့်တိုင်းပြည် အကျိုးစီးပွားအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၊ ဖိလစ်ပိုင်သည် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုကို လိုအပ်ကြောင်း သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် ကျွန်းတုများ တည်ဆောက်မှု၊ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်မှုတို့တွင် ပါဝင်သော တရုတ်ကုမ္ပဏီများအား ၀ါရှင်တန်က ပိတ်ဆို့အရေးယူမှုကို ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက လိုက်လံဆောင်ရွက်မည်မဟုတ်ကြောင်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဟာရီရုက်က ပုံမှန်ပြုလုပ်နေကြ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒူတာတေးသည် ၎င်း၏ အလုံးစုံခြုံငုံ ပြုပြင်ပြောင်းလဲမည့် ဒေါ်လာ ၁၈၀ ဘီလျံ အခြေခံအဆောက်အအုံ စီမံကိန်းနှင့် ပတ်သက်ပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ တောင်တရုတ်ပင်လယ်ရှိ အငြင်းပွား ရေပိုင်နက်တွင် စစ်ရေးအဆောက်အအုံများ တည်ဆောက်မှုနှင့်ဆက်နွှယ်ပြီး တရုတ်ကုမ္ပဏီနှင့်တစ်သီးပုဂ္ဂလ ၂၄ ခုကို ဖိလစ်ပိုင်၏ကာကွယ်ရေးမဟာမိတ် အမေရိကန်က အမည်ပျက်စာရင်းသွင်း ပိတ်ဆို့အရေးယူခဲ့သည်။ ထိုကုမ္ပဏီများ၊ ပုဂ္ဂိုလ်များနှင့် ဆက်နွှယ်ဆောင်ရွက်ခြင်းကို အစိုးရက ရပ်ဆိုင်းရန် ထောက်ခံအကြံပြုကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အငြင်းပွား ကျွန်းများနှင့်ပတ်သက်ပြီး တရုတ်၏စိန်ခေါ်မှုများက ဖိလစ်ပိုင်၏အကျိုးစီးပွားကို ထိပါးလာသောကြောင့် ဒူတာတေး၏ ဝင်ရောက်မစွက်ဖက်ရေးမူဝါဒက ပဋိပက္ခများ ဖြစ်စေခဲ့သည်။
အထူးသဖြင့် ဖိလစ်ပိုင်၏အထူးစီးပွား ရေးဇုန်မှ မိုင် ၂၀၀ အကွာအတွင်းရှိသော Mischief Reef တွင် တရုတ်က ဖိလစ်ပိုင်အထိ ပစ်နိုင်သော ထိပ်ဖူးတပ်ဒုံးများကို တပ်ဆင်ထားသည်။
ထိုတောင်တရုတ်ပင်လယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါဝင်သော ကုမ္ပဏီများမှ China Communication Construction Co (CCCC) သည် ဖိလစ်ပိုင်တွင် ဒေါ်လာ ၁၀ ဘီလျံ လေဆိပ်စီမံကိန်းကို ဖိလစ်ပိုင်ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်နေသည်။
CCCC ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော China Harbour Engineering သည် ဒူတာတေး၏ရွေးကောက်ပွဲ အလှူရှင်တစ်ဦးဖြစ်သော ဒင်းနစ်အိုင်၏ကုမ္ပဏီနှင့် ပူးပေါင်းပြီး ဒေါ်လာ ၁.၂ ဘီလျံ မြေယာဖော်ထုတ်ရေး စီမံကိန်းကို ဆောင်ရွက်နေသည်။ China Harbour Engineering သည် ဖိလစ်ပိုင်၏ အချမ်းသာဆုံး မိသားစုနှင့် ပူးပေါင်းပြီး ဒေါ်လာ ၁.၈၆ ဘီလျံ စီမံကိန်းတစ်ခုကိုလည်း ဆောင်ရွက်နေသည်။
ထိုကုမ္ပဏီများကို ရိုက်တာက မှတ်ချက်တောင်းရန် ဆက်သွယ်ခဲ့သော်လည်း တု့ံပြန်ဖြေကြားခဲ့ခြင်း မရှိခဲ့ပေ။
တရုတ်သည် တောင်တရုတ်ပင်လယ်တွင် ဆိပ်ကမ်းများ၊ လေယာဉ်ဆင်းစခန်းများ အပါအဝင် စစ်စခန်းများ တည်ဆောက်နေပြီး နယ်မြေပိုင်ဆိုင်မှု အငြင်းပွားခြင်းကို အခိုင်အမာ ကျောထောက်နောက်ခံပြုရန် ကြိုးပမ်းနေသည်။ တောင်တရုတ်ပင်လယ်တွင် အငြင်းပွားမှုများသည် တရားဥပဒေဆိုင်ရာ အခြေခံမရှိဟု ကုလကျောထောက်နောက်ခံပြု ခုံရုံးက ၂၀၁၆ ခုနှစ်တွင် ဆုံးဖြတ်မှုကို တရုတ်က ပယ်ချခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်