Top News

ရုရှား၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ကနဦးစမ်းသပ်ရလဒ်များ ကောင်းမွန်ခဲ့ပြီး ဘေးကင်းစိတ်ချရမှု ရှိကြောင်း လေ့လာတွေ့ရှိ
24htopnews | January 1, 2025 10:12 PM CST

ရုရှား၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့် ကနဦးစမ်းသပ်မှုတွင် ပါဝင်ခဲ့သော လူနာများသည် ဆိုးကျိုးသက်ရောက်မှု ဆိုးဆိုးရွားရွားမရှိခဲ့ဘဲ ပဋိပစ္စည်းထုတ်လုပ်မှုကို လည်းရရှိခဲ့ကြောင်း ဆေးပညာဂျာနယ် Lancet တွင် စက်တင်ဘာ ၄ က ဖော်ပြခဲ့သော သုတေသနက ဖော်ပြခဲ့သည်။

ရုရှားသည် ပြီးခဲ့သည့်လက Sputnik V ဟု အမည်ပေးထားသော ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို သဘောတူခွင့်ပြုချက် ပေးခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

ရုရှား၏ကာကွယ်ဆေးကြေညာချက်က အနောက်နိုင်ငံသိပ္ပံပညာရှင်များအကြားတွင် ဘေးကင်းစိတ်ချမှုဆိုင်ရာ စိုးရိမ်မှုများကို ဖြစ်စေခဲ့သည်။ ဘေးကင်းမှုဆိုင်ရာ အချက်အလက်များ အလုံအလောက်မရှိဘဲ ကာကွယ်ဆေးကို အလျင်အမြန် သဘောတူခွင့်ပြုခဲ့ခြင်းသည် အန္တရာယ်ဖြစ်စေနိုင်ကြောင်း အချို့က သတိပေးခဲ့သည်။

ယင်းဝေဖန်မှုများသည် ရုရှား၏သုတေသနပြုမှုကို ထိပါးရန် ကြိုးပမ်းမှုဖြစ်ကြောင်း မော်စကိုက ရှုတ်ချခဲ့သည်။ Lancet တွင် ဖော်ပြခဲ့သော လေ့လာမှုအတွက် ရုရှားသုတေသနပညာရှင်များသည် အသေးစား စမ်းသပ်မှုနှစ်ခုကို တင်ပြခဲ့သည်။

လေ့လာမှုတစ်ခုချင်းစီတွင် အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်း ကျန်းမာသူ ၃၈ ဦးစီ ပါဝင်ခဲ့ပြီး ၎င်းတို့ကို ကာကွယ်ဆေး နှစ်ကြိမ် စမ်းထိုးပေးခဲ့သည်။

စမ်းသပ်မှုတွင် ပါဝင်သူတိုင်းကို ပထမအကြိမ်ကာကွယ်ဆေးနှင့် ၂၁ ရက်ခြားပြီး ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးပေးခဲ့သည်။

ထိုလူနာများကို ၄၂ ရက်ကြာ စောင့်ကြည့်ခဲ့ပြီး အားလုံးသည် ပထမသုံးပတ်အတွင်း ပဋိပစ္စည်း ထုတ်လုပ်မှုရှိခဲ့ကြောင်း သုတေသနက ဆိုသည်။

စမ်းသပ်မှုရလဒ်များအရ ကာကွယ်ဆေးသည် ဘေးကင်းမှုရှိခဲ့ပြီး ကျန်းမာသော လူရွယ်များကို ဆိုးကျိုးမရှိစေခဲ့ကြောင်း တွေ့ရှိခဲ့သည်ဟု သုတေသနက ဖော်ပြခဲ့သည်။

ကာကွယ်ဆေးစမ်းသပ်မှုကို ပွင့်လင်းစွာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျပန်းရွေးချယ်မှု၊ အာနိသင်မပါသော ဆေးနှင့် စမ်းသပ်မှုတို့ မဆောင်ရွက်ခဲ့ပေ။ စမ်းသပ်မှုတွင် ပါဝင်သူများသည် ကာကွယ်ဆေး စမ်းသပ်ခံရမည်ကို သိရှိကြသည်ဟု ဆိုသည်။

အာနိသင်မဲ့ဆေးဝါးနှင့် စမ်းသပ်မှုအပါအဝင် ပို၍ကြီးမားပြီး ကြာရှည်သောစမ်းသပ်မှုမျိုးသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၏ ရေရှည်‌ဘေးကင်းမှုနှင့် ထိရောက်မှုတို့ကို သိကိုသိရှိရန် လိုအပ်ကြောင်း သုတေသနပညာရှင်များက ပြောကြားခဲ့သည်။

ကာကွယ်ဆေးစမ်းသပ်မှုတွင် ပါဝင်သူ ၇၆ ဦးကို ရက် ၁၈၀ အထိ စောင့်ကြည့်သွားမည်ဟု  သုတေသနက ဆိုသည်။ ပို၍အရေးကြီးသော စမ်းသပ်မှုဖြစ်သည့် အဆင့် (၃) စမ်းသပ်မှုတွင် အသက်အရွယ် အုပ်စုမျိုးစုံနှင့် ဗိုင်းရပ်စ်အန္တရာယ် ခံစားရနိုင်ခြေအုပ်စု မျိုးစုံမှ လူ ၄၀၀၀၀ ခန့်ပါဝင်ရန် စီစဉ်ထားသည်ဟု ဆိုသည်။

ရုရှား၏သုတေသနတွင် မပါဝင်ခဲ့သော ဂျွန်ဟော့ကင်းတက္ကသိုလ် ဘလွန်းဘာ့ဂ် ပြည်သူ့ကျန်းမာရေးကျောင်းမှ  နာအော်ဘာဇိက ရုရှားသုတေသနသည် အားတက်ဖွယ်ရာဖြစ်သော်လည်း သေးငယ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်အတွက် အန္တရာယ်ပိုကြီးသည့် သက်ကြီးများအတွက် ထိရောက်မှုဆိုင်ရာ အချက်အလက်များ မရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများနှင့်ပတ်သက်ပြီး ဘေးကင်းမှုကို ပြသမှုသည် အရေးကြီးကြောင်း ဗိုင်းရပ်စ်ကို လက်ခံနိုင်မှုအတွက်သာမက ယုံကြည်မှုကျယ်ကျယ်ပြန့်ပြန့်ရရှိရန်လည်း အရေးကြီးကြောင်း Lancet တွင် နာအော်ဘာဇိက ရေးသားခဲ့သည်။

ကာကွယ်ဆေးကို ကျန်းမာသူများနှင့်စမ်းသပ်ထားကြောင်း၊ အဆင့် (၃) စမ်းသပ်မှုပြီးလျှင် လူတိုင်းကို ကာကွယ်ဆေးပေးရနိုင်သောကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် ဘေးကင်းစိတ်ချရမှုသည် အားလုံးထက် ပိုအရေးကြီးကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကပ်ဘေးသည် မကြုံစဖူးကြီးမားသောကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးနှင့်ပတ်သက်ပြီး ရန်ပုံငွေရရှိမှုနှင့် သုတေသနလုပ်ငန်းများသည်လည်း အရှိန်အဟုန် ကြီးမားခဲ့သည်။

နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလိုတွင် ကာကွယ်ဆေး ရနိုင်ခြေရှိမှုအတွက် ပြည်နယ်တာဝန်ရှိသူများ ပြင်ဆင်ထားကြရန် အမေရိကန်အစိုးရက ယခုသီတင်းပတ်တွင် တိုက်တွန်းခဲ့သောကြောင့် ထရန့်အစိုးရသည် နိုင်ငံရေးအချိန်ဇယားနှင့် ကိုက်ညီရန် ကာကွယ်ဆေးသုတေသနကို အရှိန်မြှင့်နေသည်ဟု စိုးရိမ်မှုများ ထွက်ပေါ်ခဲ့သည်။

ရုရှားကလည်း ကာကွယ်ဆေးကို စက်တင်ဘာမှစပြီး အမြောက်အမြား ထုတ်လုပ်ရန် မျှော်လင့်ထားကြောင်း ပြောကြားထားသည်။


READ NEXT
Cancel OK