Top News

လာမည့်နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးရဖွယ်ရှိနေသော်လည်း အာနိုးလ်အတွက် ရီးယဲလ်မက်ဒရစ်အသင်း၏ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်း ပယ်ချ
24htopnews | January 1, 2025 11:12 PM CST

 

လီဗာပူးလ်အသင်းသည် အသင်းနောက်ခံကစားသမား အာနိုးလ်ကို လာမည့် ၂၀၂၅ နွေရာသီအပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ဆုံးရှုံးရဖွယ်ရှိနေသော်လည်း ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ၎င်းအတွက် ရီးယဲလ်မက်ဒရစ်အသင်း၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရသည်။ 

အသက် (၂၆) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ် သည် ယခုရာသီကုန်တွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး  လက်ရှိတွင် ပြည်ပကလပ်များနှင့် အကြိုသဘောတူစာချုပ် ချုပ်ဆိုခွင့်ရှိနေသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် အာနိုးလ်အား ခေါ်ယူရန် ကာလရှည်ပစ်မှတ်ထားနေခြင်းဖြစ်ပြီး အရခေါ်ယူနိုင်မည်ဟု ယုံကြည်နေကြောင်းလည်း သိရှိရသည်။ 

ရီးယဲလ်မက်ဒရစ်အသင်းတွင် အဓိကညာနောက်ခံကစားသမား ကာဗာဟယ်လ်မှာ ACL ဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရမည်ဖြစ်ရာ အာနိုးလ်အား လာမည့်နွေရာသီအထိ မစောင့်တော့ဘဲ ယခုဇန်ဝါရီမှာပင် ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် အာနိုးလ်အား ခေါ်ယူရန်ကြိုးပမ်းရာတွင် ပြောင်း ရွှေ့ကြေးဖြင့် တရားဝင်ကမ်းလှမ်းခြင်းမျိုးမဟုတ်ဘဲ လီဗာပူးလ်အသင်းထံ ချဉ်းကပ်ကာ အခြေအနေကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့ သည်။ သို့သော် လီဗာပူးလ်အသင်းက အသင်းနောက်ခံကစားသမား အာနိုးလ်အတွက် ရီးယဲလ်မက်ဒရစ်အသင်း၏ချဉ်းကပ်မှုကို ချက်ချင်းငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။ 

လီဗာပူးလ်အသင်းသည် အသင်းငယ်မွေးခြံပေါက်ကစားသမား အာနိုးလ်အား စာချုပ်သစ် ချုပ်ဆိုရန် ဆွေးနွေးနေပြီး ၎င်းကို အသင်းတွင် ဆက်ထိန်းနိုင်မည်ဟု ယုံကြည်နေသည်။ ရီးယဲလ်မက်ဒရစ်အသင်းသည် အာနိုးလ်အား ခေါ်ယူမည့်အစီအစဉ်ကို လက်လျှော့မည်မဟုတ်ဘဲ ဇန်နဝါရီတွင် ခေါ်ယူနိုင်ခြင်းမရှိပါက လာမည့် ၂၀၂၅ နွေတွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ကြိုးပမ်းမည်ဖြစ်သည်။ 

ရီးယဲလ်အသင်းသည် ယခုဇန်နဝါရီတွင် အာနိုးလ်အတွက် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်းသာ ပေးချေလိုနေကြောင်း သိရသည်။ လီဗာပူးလ်အသင်းသည် အာနိုးလ်ကဲ့သို့ပင် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်း ကုန်ဆုံးမည့် ဆာလာနှင့် ဗန်ဒိုက်တို့ ကိုလည်း စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK