Top News

ကစားသမားအပြောင်းအရွှေ့တွင် အမှားလုပ်ခဲ့ပြီး နာဗတ်စ်ကို စောစောစီးစီး လက်လွှတ်ခဲ့ရခြင်းအတွက် နောင်တရမိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ ဝန်ခံ
24htopnews | January 2, 2025 12:12 AM CST

 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မိမိအနေဖြင့် ကစားသမားအပြောင်းအရွှေ့တွင် အမှားလုပ်ခဲ့ပြီး နာဗတ်စ်ကို စောစောစီးစီးလက်လွှတ်ခဲ့ခြင်းအတွက် နောင်တရမိကြောင်း ဝန်ခံပြောကြားခဲ့သည်။     

ကမ္ဘာကျော်နည်းပြ ဂွါဒီယိုလာ (၅၃ နှစ်)သည် လက်ရှိတွင် နည်းပြဘဝတစ်လျှောက် အခက်ခဲဆုံးကာလနှင့် ရင်ဆိုင်နေရပြီး မန်စီးတီးအသင်းမှာ ပြိုင်ပွဲစုံ နောက်ဆုံး (၁၄) ပွဲတွင် (၂) ပွဲသာ အနိုင်ရခဲ့ကာ (၉) ပွဲ ထိ ရှုံးနိမ့်ခဲ့သည်။ ကမ္ဘာ့အကောင်းဆုံးနည်းပြများအနေဖြင့် ကစားသမားများနှင့်ပတ်သက်ပြီး တစ်ခါတစ်ရံ မှားယွင်းဆုံးဖြတ်တတ်ပြီး ဂွါဒီယိုလာက ၎င်း၏နည်းပြဘဝတွင် လက်လွှတ်လိုက်ရ၍ နောင်တရသည့် ကစားသမားကို ဝန်ခံခဲ့ခြင်းဖြစ်သည်။ 

ဂွါဒီယိုလာအနေဖြင့် ပါလ်မာ၊ ရော်ဂျာစ်တို့လို လူငယ်များကို ရောင်းချခဲ့ခြင်းကြောင့် ဝေဖန်ခံနေရသည်။ သို့သော် ဂွါဒီယိုလာက စပိန်ဝါရင့်ကစားသမား ဂျီးဆပ်စ်နာဗတ်စ်ကို စောစီးစွာလက်လွှတ်ခဲ့ခြင်းအတွက် နောင်တရမိကြောင်း ဝန်ခံခဲ့ခြင်းဖြစ်သည်။ နာဗတ်စ်သည် ဂွါဒီယိုလာနှင့် မန်စီးတီးအသင်း၌ ၂၀၁၆-၁၇ တွင် လက်တွဲ ခဲ့ပြီး ၂၀၁၇ နွေရာသီတွင် ဆီဗီလာသို့ ထွက်ခွာသွားခဲ့သည်။ 

နာဗတ်စ်(၃၉ နှစ်)သည် ဆီဗီလာတွင် (၇)ရာသီခွဲဆက်ကစားခဲ့ပြီး ၂၀၂၄ နှစ်ကုန်တွင်ကစားသမားဘဝမှ အနားယူခဲ့သည်။ ဂွါဒီယိုလာက "နာဗတ်စ်ကို လက်လွှတ်ခဲ့တဲ့အတွက် ကျွန်တော် နောင်တရခဲ့ပါတယ်။ သူ့ကို အသင်းမှာဆက်နေစေချင်ခဲ့ပေမဲ့ တစ်ခါတလေ အမှားလုပ်တတ်ပါတယ်"ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK