Top News

ရုရှားအနေဖြင့် အဇာဘိုင်ဂျန်ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်ခဲ့ကြောင်း ဝန်ခံရန် အဇာဘိုင်ဂျန်သမ္မတက တောင်းဆို
24htopnews | January 2, 2025 12:12 AM CST

ရုရှားအနေဖြင့် အဇာဘိုင်ဂျန်ခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်ခတ်ခဲ့ကြောင်း ဝန်ခံရန် အဇာဘိုင်ဂျန်သမ္မတ အီလ်ဟမ်အလီယက်ဗ်က ဒီဇင်ဘာ ၂၉ ရက်တွင် တောင်းဆိုခဲ့သည်။

အဆိုပါလေယာဉ် ပျက်ကျခဲ့သည့် ဖြစ်ရပ်တစ်ခုလုံးကို အစောပိုင်းတွင် ရုရှားက ဖုံးကွယ်ရန် ကြိုးပမ်းခဲ့ကြောင်း အဇာဘိုင်ဂျန်က စွပ်စွဲခဲ့သည်။

အဇာဘိုင်ဂျန်၏ AZAL Embraer 190 ခရီးသည်တင်လေယာဉ်သည် ကာဇက်စတန်နိုင်ငံတွင် ပျက်ကျခဲ့ပြီး နောက် လေးရက်အကြာဖြစ်သည့် ဒီဇင်ဘာ ၂၉ ရက်တွင် အလီယက်ဗ်သည် ဘာကူမြို့တော် လေဆိပ်၌ နိုင်ငံပိုင်မီဒီယာနှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် ထိုကဲ့သို့ စွပ်စွဲခဲ့ခြင်း ဖြစ်သည်။

ထိုလေယာဉ်သည် ရုရှား၏ ချေချင်းညာဒေသ၏ မြို့တော် ဂရော့ဇ်နီလေဆိပ်တွင် ဆင်းသက်ရန် ကြိုးပမ်းချိန်တွင် ရုရှား လေကြောင်းကာကွယ်ရေးစနစ်၏ ပစ်ခတ်မှုကို ထိမှန်ခဲ့ကြောင်း အဇာဘိုင်ဂျန် အရာရှိများက ပြောကြားခဲ့သည်။

ထိုလေယာဉ်၏ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင် ကိရိယာဖြစ်သည့် black box ကို လေ့လာစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် Embraer လေယာဉ်ကို ထုတ်လုပ်သည့် ဘရာဇီးနိုင်ငံသို့ ပိုဆောင်သွားမည်ဖြစ်ကြောင်း ကာဇက်စတန် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

အလီယက်ဗ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဒီဇင်ဘာ ၂၈ ရက်တွင် တယ်လီဖုန်းဆက်သွယ် ပြောဆိုခဲ့ပြီးနောက် တစ်ရက်အကြာတွင် အဇာဘိုင်ဂျန်၏ မဟာမိတ်ဖြစ်သည့် ရုရှားကို ကြုံတောင့်ကြုံခဲ စွပ်စွဲပြောဆိုခဲ့ခြင်း ဖြစ်သည်။

အလီယက်ဗ်နှင့် ဖုန်းပြောဆိုခဲ့ချိန်က ပူတင်သည် ထိုခရီးသည်တင် လေယာဉ်ပျက်ကျခဲ့မှုအတွက် တောင်းပန်စကား ပြောကြားခဲ့သော်လည်း ထိုဖြစ်ရပ်အတွက် ရုရှားတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့ခြင်း မရှိပေ။

“အဇာဘိုင်ဂျန် အရပ်ဘက်လေယာဉ်ဟာ ရုရှားလေပိုင်နက်အတွင်းမှာ ပြင်ပက အရာဝတ္ထုတစ်ခုရဲ့ ထိမှန်ခံရမှုကြောင့် လေယာဉ်ကို မထိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်”ဟု အလီယက်ဗ်က နိုင်ငံပိုင်ရုပ်သံတွင် ပြောကြားခဲ့သည်။

“အီလက်ထရောနစ် စစ်ဆင်ရေးစနစ်တွေကြောင့် ကျွန်တော်တို့လေယာဉ်ရဲ့ ထိန်းချုပ်ရေးစနစ်တွေ အနှောင့်အယှက်ဖြစ်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ မြေပြင်က ပစ်ခတ်လိုက်တဲ့ အရာတစ်ခုက လေယာဉ်အမြီးပိုင်းကို ထိမှန်ပြီး ထိခိုက်ပျက်စီးသွားပါတယ်”ဟု ၎င်းက ဆိုသည်။

ထိုဖြစ်စဉ်ကို ဖုံးကွယ်ရန် ကြိုးပမ်းနေပုံပေါ်သည့် ရုရှားကို မိမိတို့က ဒေါသထွက်ကြောင်းနှင့် ထိုဖြစ်ရပ်အတွက် တာဝန်ရှိကြောင်း ဝန်ခံရန် မိမိတို့တောင်းဆိုကြောင်း အလီယက်ဗ်က ပြောကြားခဲ့သည်။

“ပထမအချက်အနေနဲ့ ရုရှားဘက်က အဇာဘိုင်ဂျန်ကို တောင်းပန်ရပါမယ်။ ဒုတိယအချက်က အပြစ်ကို ဝန်ခံရပါမယ်။ တတိယအချက်ကတော့ ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေကို  တရားရေးအရ အပြစ်ပေးရမှာဖြစ် ပြီး ဒဏ်ရာရရှိသွားတဲ့ ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေနဲ့ အဇာဘိုင်ဂျန်နိုင်ငံကို နစ်နာကြေး ပေးရပါမယ်”ဟု အလီယက်ဗ်က ပြောကြားခဲ့သည်။

ရုရှားအာဏာပိုင်များကမူ  အဇာဘိုင်ဂျန် လေယာဉ်သည် ဂရော့ဇ်နီလေဆိပ်တွင် ဆင်းသက်ရန် ကြိုးပမ်းနေချိန်တွင် ထိုမြို့ကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်နေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ပူတင်ကလည်း ဂရော့ဇ်နီလေဆိပ်ကို အဇာဘိုင်ဂျန်လေယာဉ် ဆင်းသက်ရန် ကြိုးပမ်းချိန်တွင် ရုရှား၏ လေကြောင်းကာကွယ်ရေး စနစ်များ ဖွင့်ထားကြောင်း ပြောကြားခဲ့သည်။

Ref:AFP

                            


READ NEXT
Cancel OK