Top News

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရပြီး ငါးဦးဖမ်းဆီးခံရ
24htopnews | January 2, 2025 5:12 AM CST

ဒေသခံသုံးဦး ဖမ်းဆီးအမှုရင်ဆိုင်နေရပြီး တောင်သူနှစ်ဆယ်ဝန်းကျင် တရားစွဲဆိုခံထားရသည့် ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာရပြီး ငါးဦးဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်မှုဆန္ဒထုတ်ဖော်မှုများကြောင့် ဒေသခံသုံးဦး အချုပ်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ပြီး တောင်သူနှစ်ဆယ်ဝန်းကျင် တရားစွဲဆိုခံထားရသည့် စီမံကိန်းနှင့်ပတ်သက်၍ ယင်းစီမံကိန်းသို့သွားရာ ကျေးလက်လမ်းကိုပိ်တ်ဆို့ထားသည့် ဒေသခံများကို ရဲတပ်ဖွဲ့က မေ ၁၅ ရက် နံနက်အစောပိုင်းက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ငါးဦးဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရသည်။

ပုသိမ်ကြီးမြို့နယ်ရှိ တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသို့ ကျေးရွာချင်းဆက်လမ်းပေါ်မှ သွားလာလျက်ရှိသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ ကားများကို အောင်သပြေ ကျေးရွာဒေသခံရွာသားများက မေ ၁၄ ရက်မှ စတင်တားဆီးခဲ့ခြင်းဖြစ်ကာ အဆိုပါ တားဆီးထားမှုကို ဖယ်ရှားပေးရန်အတွက် ရဲတပ်ဖွဲ့ဝင်များက ယင်းနေ့ည ၇ နာရီကျော်အချိန်အထိ အကြိမ်ကြိမ် သတိပေးပြောကြားခဲ့ပြီးနောက် မေ ၁၅ ရက် နံနက် ငါးနာရီခန့်တွင် မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်များဖြင့် ပစ်ဖောက်ကာ လူစုခွဲခဲ့ပြီးနောက် ဒေသခံရွာသားများက အဆိုပါ စက်ရုံဝင်းအတွင်းသို့ ဝင်ရောက်၍ မီးရှို့မှုများပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

မေ ၁၄ ရက်က ဒေသခံများက ပိတ်ဆို့တားဆီးထားမှုအပေါ် ရဲတပ်ဖွဲ့က လူသူလက်နက်အင်အား အပြည့်အစုံဖြင့် လာရောက်သတိပေးခဲ့ခြင်းများ ပြုလုပ်ခဲ့ပြီး ဒေသခံတောင်သူများက မတရားအမှုဆင်ဖမ်းဆီး တရားစွဲဆိုခံထားရသည့် တောင်သူများကို အမှုပိတ်သိမ်းပေးရေးနှင့် အမြန်ဆုံးပြန်လွှတ်ပေးရေး၊ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရေး၊ တောင်သူပိုင် မြေများအပေါ် မကျူးကျော်ရ၊ ကျေးရွာပိုင်လမ်းများအပေါ် စီမံကိန်းကားကြီးများမဝင်ရ အစရှိသည့် တောင်းဆိုချက်များဖြင့် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းသွားရာလမ်းအဖြစ် ကုမ္ပဏီဘက်က အသုံးပြုလျက်ရှိသည့် အောင်သပြေ - သရက်ကိုင်း ကျေးရွာချင်းဆက်လမ်းကို ဒေသခံများက ပိတ်ဆို့ထားမှုကို ရဲတပ်ဖွဲ့က မေ ၁၅ ရက် နံနက် ငါးနာရီအချိန်ခန့်၌ သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်၍ လူစုခွဲခဲ့ပြီး ဒေသခံလေးဦးနှင့် အဆိုပါရဲတပ်ဖွဲ့၏ ပစ်ခတ်လူစုခွဲနေမှုကို လူမှုကွန်ယက် Facebook ပေါ်၌ တိုက်ရိုက် Live လွှင့်တင်ခဲ့သည့် အလွတ်တန်းသတင်းထောက်တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကာ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဒေသခံအများအပြား ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

“ရဲအင်အားအခြေအနေကတော့ အတော်များတယ်။ ရာဂဏန်းကျော်ပါတယ်။ ကျွန်မတို့ ပိတ်ဆို့ထားတဲ့ ဒေသခံတွေကို နံနက် ၅ နာရီဝန်းကျင်လောက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ စပစ်ပါတယ်။ နောက်ပြီး သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်တဲ့အတွက် အတော်များများ ထိခိုက်ဒဏ်ရာတွေ ရသွားပါတယ်။ ဒေသခံအချို့လည်း ဖမ်းဆီးခံလိုက်ရတယ်။ အဲဒီနောက်မှာတော့ ကုမ္ပဏီထဲကို ဒေသခံတွေကဝင်ရောက်ပြီး မီးရှို့တာတွေ လုပ်ကြတယ်။ ကျွန်မတို့ကတော့ စီမံကိန်းရပ်ဆိုင်းပေးဖို့ တောင်းဆိုချင်တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။

“အခုလိုတွေဖြစ်လာအောင် ဖန်တီးလာတာက သူတို့ဘက်ကဖြစ်နေတာ။ ဒေသခံတွေက အမြဲခံစားနေရတာကြောင့် မခံစားနိုင်တော့ဘူး။ အဲဒီတော့ နစ်နာတာတွေများလာတော့ ဒေသခံတွေက မခံနိုင်တော့ အခုလိုတွေ ထိန်းမနိုင်တာတွေဖြစ်ကုန်တယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ အကြိမ်ကြိမ် သက်ဆိုင်ရာကို တင်ပြခဲ့ပေမယ့် ဘာမှမထူးခြားလာဘူး။ ဒေသခံတွေပဲ တရားစွဲဆိုခံရပြီးတော့ ထောင်ကျခံရတယ်။ တရားမျှတမှုက ကျွန်တော်တို့ဘက်မှာ မရှိတော့ဘူး။ အခုလည်း ထပ်ပြီးတော့ ဒေသခံတွေကို ဖမ်းဆီးသွားတယ်။ ကျွန်တော်တို့ကတော့ ထပ်ပြီးတရားစွဲဆိုတာတွေ မခံချင်တော့ဘူး။ ကျွန်တော်တို့ဒေသခံတွေ ဆန္ဒကတော့ တောင်သူတွေအပေါ်မှာ မတရားစွဲဆိုထားတဲ့ ပုဒ်မတွေ ရုပ်သိမ်းပေးရေး။ ဖမ်းဆီးခံထားရတဲ့တောင်သူတွေကို အမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ စီမံကိန်းဖျက်သိမ်းပေးရေးကို အဓိကတောင်းဆိုနေတာဖြစ်တယ်။ ဒီစီမံကိန်းရှိနေသမျှတော့ ပြဿနာတွေကတော့ ပြီးဆုံးသွားမှာမဟုတ်ပါဘူး” ဟု ဒေသခံတောင်သူ ဦးရွှေအုံးက ပြောကြားသည်။

“ကျွန်တော်တို့ကို ရဲတွေကစပစ်တာက နံနက် ၅ နာရီအချိန်လောက်မှာဖြစ်တာ။ ရဲအင်အားအလုံးအရင်းနဲ့ ဝင်ပြီးတော့ သေနတ်တွေနဲ့ပစ်တာ။ ကျွန်တော်တို့ကပြေးတော့ နောက်ကနေပြီးတော့ လိုက်ပစ်တာ။ ကျွန်တော်ကတော့ လေးချက်ကျော်လောက် မှန်သွားတယ်” ဟု ဒေသခံတောင်သူ ကိုရန်မျိုးက ပြောကြားသည်။

ထိုသို့ လမ်းပိတ်ဆို့တားဆီးထားသည့် ဒေသခံရွာသားများကို ရဲတပ်ဖွဲ့က မေ ၁၅ ရက် နံနက်အစောပိုင်း၌ ပစ်ခတ်ဖြိုခွင်းလူစုခွဲခဲ့ပြီးနောက် ဒေသခံများကမကျေနပ်သဖြင့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းအတွင်းသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထိုသို့ မီးရှို့ဖျက်ဆီးမှုကြောင့် အဆောက်အအုံအချို့ မီးလောင်ကျွမ်းခဲ့ကာ ကားနှစ်စီးမီးလောင်ပျက်စီးခြင်း ဆိုင်ကယ်သုံးစီးခန့် မီးလောင်ကျွမ်းပျက်စီးခြင်းနှင့် စက်ယန္တယားအချို့ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း ကနဦးစုံစမ်းသိရသည်။

ယင်းကဲ့သို့ မီးလောင်ကျွမ်းနေမှုကို ငြိှမ်းသတ်ရန် မီးသတ်ယာဉ်များရောက်ရှိလာစဉ် ဒေသခံများက အဝင်မခံဘဲ လမ်းကို ဆက်လက်ပိတ်ဆို့ထားခဲ့ကြသဖြင့် ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်ဖြင့် အဆင့်ဆင့် အင်အားသုံး ဖြိုခွင်းရန် စီစဉ်ခဲ့သော်လည်း ဒေသခံများနှင့် ရဲတပ်ဖွဲ့ မြို့နယ်ထွေအုပ်တို့ ကနဦးညှိနှိုင်းဆွေးနွေးမှုအရ နံနက် ၁၁ နာရီကျော်တွင် ပြေလည်မှုရရှိခဲ့သဖြင့် မီးလောင်ကျွမ်းနေမှုများအား ဝင်ရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရဲတပ်ဖွဲ့ ကုမ္ပဏီနှင့် ဒေသခံများအကြား ပဋိပက္ခဖြစ်ပွားနေမှုအခြေအနေမှာ မွန်းလွဲပိုင်း၌ ဒေသခံများနှင့် သက်ဆိုင်ရာတို့ ငြှိနှိုင်းဆွေးနွေးမှုအရ လတ်တလော တည်ငြိမ်သွားခဲ့သော်လည်း ရဲတပ်ဖွဲ့က အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအတွင်း၌ လုံခြုံရေးရယူထားဆဲဖြစ်ပြီး အောင်သပြေကျေးရွာအနီးတွင်လည်း ရဲတပ်ဖွဲ့ကလုံခြုံရေးအပြည့်ဖြင့် စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့က တရုတ်နိုင်ငံသားကို ကာကွယ်နေတာမဟုတ်ဘူး။ တရုတ်ပဲဖြစ်ဖြစ် ကုလားပဲဖြစ်ဖြစ် အမေရိကန်ပဲဖြစ်ဖြစ် ရာဇဝတ်မှုကျူးလွန်ရင်တော့ ဥပဒေအရ ကျွန်တော်တို့ကတော့ အရေးယူရမှာပဲဖြစ်တယ်။ ဒါပေမယ့် နိုင်ငံတော်ကို စီမံကိန်းလာလုပ်တဲ့သူတွေကို ကာကွယ်ပေးရပါမယ်။ ပြည်သူတွေအပါအဝင် အားလုံးကို အကာအကွယ်ပေးရမှာဖြစ်ပါတယ်။ ဥပဒေနဲ့အညီ နေထိုင်တဲ့သူတွေကို ကျွန်တော်တို့က အကာအကွယ်ပေးရမှာ ဖြစ်ပါတယ်။ ဥပဒေကို ချိုးဖောက်ပြီးကျူးလွန်သူကိုတော့ ဥပဒေနဲ့အညီ အရေးယူရမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ နောက်ကွယ်ကနေ ကြိုးကိုင်သူပါမပါဆိုတာတော့ ကျွန်တော် မပြောလိုသေးဘူး။ ဒါပေမယ့် ဒီကိစ္စဟာ သူတို့ဘာသာ သဘောရိုးနဲ့ဖြစ်တယ်ဆိုရင် ဖြေရှင်းတဲ့နည်းလမ်းနဲ့ သွားမယ်ဆိုရင် ဒါဟာလုပ်ပေါ့ နောက်ကွယ်ကမပါနဲ့။ ဒါမှမဟုတ် ဒါကြီးကို ရေရှည်ဖြစ်ပွားအောင် စွဲထားမယ်ဆိုရင် ဒါဟာနောက်ကွယ်က ပါလိမ့််မယ်လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ ဒါကြောင့် လက်ရှိမှာ နောက်ကွယ်က ပါ၏ မပါ၏ဆိုတာ မပြောနိုင်သေးဘူး။ မီးရှို့တာနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ သွားပါမယ်။ ဘယ်သူမီးရှို့သလဲ၊ ဥပဒေကို ကျူးလွန်တဲ့သူကိုတော့ ဥပဒေအရ အရေးယူသွားမယ်” ဟု ပဋိပက္ခဖြစ်ပွားမှုကို လုံခြုံရေး လာရောက်ဆောင်ရွက်ပေးသည့် အမှတ်(၃)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှ ရဲမှူးချုပ်ဝင်းဗိုလ်က ပြောကြားသည်။

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို အောင်သပြေ ကျေးရွာဒေသခံများက ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးထံသို့ တိုင်ကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး ထိုသို့ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကြောင့် ဒေသခံအများအပြားကို အစိုးရဌာနနှင့်ကုမ္ပဏီဘက်မှ ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်တရားစွဲဆိုထားကာ ဒေသခံသုံးဦးမှာ လမ်းမြေပေါ် ကျူးကျော်သည်ဟုဆိုကာ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရပြီး အချုပ်ဖြင့်အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ ထိုသို့ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့်တရားစွဲဆိုခံထားရမှုတွင် အသက် ၇၀ ကျော်အရွယ် အဘွားအိုကိုပါ ထည့်သွင်းစွဲဆိုထားပြီး အဆိုပါအဘွားအိုအား ကျန်းမာရေးအခြေအနေအရ တရားရုံးက အာမခံပေးထားကြောင်း သိရသည်။ ထို့ပြင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ဒေသခံများက မြို့နယ်တရားရုံး၏ တရားစီရင်မှုအပေါ် မကျေနပ်သဖြင့် သပိတ်မှောက်ထားကြပြီး ထိုသို့ သပိတ်မှောက်ဆန္ဒပြကြသည့် ဒေသခံများကို တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ထားသည်။

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့သည့် ဒေသခံများကို မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့် တရားစွဲဆိုထားမှုအပေါ် ဒေသခံများက မြို့နယ်တရားရုံး၏ တရားစီရင်မှုအပေါ် အယုံအကြည်မရှိဟုဆိုကာ သပိတ်မှောက်ဆန့်ကျင်ထားသည်။ ထိုသို့ သပိ်တ်မှောက်ဆန့်ကျင်ခဲ့မှုမှာ ကုမ္ပဏီဘက်မှ ဒေသခံများကို လမ်းပိတ်ဆို့မှုဖြင့် တရားစွဲဆိုထားမှုကို ထောင်ဒဏ်တစ်လချမှတ်ခဲ့ပြီး ဒေသခံများဘက်မှ ကုမ္ပဏီဘက်အား ကျေးရွာဆိုင်းဘုတ်ဖျက်ဆီးမှုဖြင့် အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် တရားစွဲဆိုထားမှုကို မြို့နယ်တရားရုံးက တရားသေလွှတ်ပေးခဲ့သဖြင့် တရားရုံး၏ တရားစီရင်မှုအပေါ် အယုံအကြည်မရှိဟုဆိုကာ ဒေသခံတောင်သူများက တရားရုံးသို့ အမှုလာရောက် ရင်ဆိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောကြားသည်။ ထို့ပြင် ဒေသခံတောင်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးခြင်း၊ တရားရုံးမှ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းများကြောင့် မြို့နယ်ရဲတပ်ဖွဲ့ရုံးနှင့် မြို့နယ်တရားရုံးရှေ့တို့တွင် ရုံးရင်းဆန်ခတ်မှုများလည်း ဖြစ်ပွားခဲ့သည်။

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က  “မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ကုမ္ပဏီဟာ MIC ခွင့်ပြုမိန့်ကျပြီးသား။ သူက ဒေသခံ ၅၀၀ ကျော်ကို အလုပ်အကိုင်တွေ ပေးထားတယ်။ ဒါပေမယ့် ဆန္ဒပြနေကြတယ်။ သူတို့ဆန္ဒပြနေတဲ့ အကြောင်းအရင်းကလဲ ဘာမှမလုံလောက်ဘူး။ နောက်ကအဖွဲ့က မြှောက်ပေးနေလို့ဖြစ်နေတာ။ ဒါဟာ အပွင့်လင်းဆုံး ကျွန်တော်ပြောတာ။ ဒီဟာနဲ့ပတ်သက်ပြီး အလုပ်မလုပ်ရလို့ ဒေသခံတွေနဲ့ သံဃာတော်တွေအပါအဝင် အမြန်ဆုံးဖြေရှင်းပေးဖို့ ကျွန်တော်ဆီကိုစာတွေ တင်ထားတယ်။ ဒါတွေကို ကျွန်တော်ဖြေရှင်းသွားရဦးမယ်။ ကျွန်တော်တို့ နိုင်တစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှုတွေလိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေရှိမှ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှာ။ ကျွန်တော်တို့ဟာ စီမံကိန်းတွေကို အလွယ်တကူမပေးပါဘူး။ နိုင်ငံတော်အတွက် အခွန်အခ ရ ရမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ရပါမယ်။ ဒါကြောင့် အကုန်လုံးကို စစ်ဆေးစိစစ်ပြီးမှာသာ ပေးတာဖြစ်ပါတယ်။ မြင့်ကုမ္ပဏီနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် MIC ကလည်း ခွင့်ပြုမိန့်ကျပြီးသား၊ ရွာသားတွေကလည်း အလုပ်အကိုင်အခွင့်အလမ်း ရနေပြီ။ ဒါကို လမ်းဖောက်တာ အကြောင်းပြုပြီး ကန့်ကွက်နေကြတာ။ စက်ရုံစီမံကိန်းကိုလည်း နယ်လုံဝန်ကြီးကိုယ်တိုင် ကွင်းဆင်းစစ်ပြီးသား။ သက်သေအထောက်အထားတွေလည်း ရှိပြီးသားပါ။ စီမံကိန်းကို လူ ၅၀၀၀ ကျော် ထောက်ခံထားတဲ့ လက်မှတ် တွေရှိပြီးသားပါ။ ကန့်ကွက်နေတဲ့သူတွေက ၅၀ တောင်မှ မပြည့်ပါဘူး။ ကန့်ကွက်နေတိုင်း မှန်တယ်လို့ ခင်ဗျားတို့ ယူဆလား။ ဒါနဲ့ပတ်သက်ပြီး အမှန်တရားဖော်ထုတ်ပေးဖို့ ခင်ဗျားတို့မှာလဲ တာဝန်ရှိတယ်။ နယ်မြေကွင်းဆင်ပြီး မေးပေးကြပါ။ ကန့်ကွက်နေသူတွေက မှန်သလားဆိုတာ။ နောက်တစ်ခုက MIC က ခွင့်ပြုပေးထားပြီးသားကို ကျွန်တော်တို့အစိုးရက ကာကွယ်ပေးရပါတယ်” ဟု ၂၀၁၈ ခုနှစ်အတွင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို မြင့်ရင်းနှီးမြှုပ်နှံမှုအုပ်စု ကုမ္ပဏီ(Alpha)က အကောင်အထည်ဖော်တည်ဆောက်နေခြင်းဖြစ်ပြီး အစိုးရနှင့် စီမံကိန်းအကြား ကနဦး ခွင့်ပြုချက် ချထားပေးခဲ့ချိန်က သဘောတူညီချက်အချို့မှာ ပုံသေမြေငှားရမ်းခ(Dead Rent)အနေဖြင့် တစ်နှစ်လျှင် တစ်စတုရန်းကီလိုမီတာအတွက် ငွေကျပ် သိန်းနှစ်ဆယ်ပေးဆောင်ရမည်ဖြစ်ပြီး သတ္တုခွန် (၃) ရာခိုင်နှုန်းကို ကုမ္ပဏီဘက်က နိုင်ငံတော်ကို ပေးဆောင်ရမည်ဖြစ်သည်။ ထို့ပြင် စီမံကိန်းအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး တာဝန်ခံရမည်ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်လာ၍ တိုင်ကြားမှုများရှိလာခဲ့ပါက ကုမ္ပဏီက ဖြေရှင်းဆောင်ရွက်ပေးရမှာ ဖြစ်သည့်အပြင် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှု မရှိခဲ့ပါက လုပ်ငန်းရပ်ဆိုင်းခြင်း၊ ပေးသွင်းထားသော အခွန်အခများကို ပြန်လည်သိမ်းယူပြီး လုပ်ကွက် ပြန်လည်သိမ်းယူခံရနိုင်ကြောင်း သဘောတူညီချက် ချုပ်ဆိုထားကြောင်း သိရသည်။ ထို့ပြင် စီမံကိန်းမှာ သတ်မှတ်ကာလဖြစ်သည့် ခွင့်ပြုချက်ထုတ်ပေးပြီး ခြောက်လအတွင်း လုပ်ငန်းစတင်လုပ်ဆောင်ရမည်ဖြစ်ပြီး လုပ်ငန်းစတင်ဆောင်ရွက်ခြင်းမရှိပါက အာမခံပေးသွင်းငွေကို နိုင်ငံတော်ကသိမ်းယူမှာဖြစ်ပြီး ခွင့်ပြုမိန့်မှာ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်ကြောင်း စီမံကိန်းနဲ့ သက်ဆိုင်သည့် ခွင့်ပြုမိန့်တွင် ဖော်ပြထားသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းခွင့်ပြုမိန့်ကို ယခင်စိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇွန်လတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အဆိုပါ စီမံကိန်းလုပ်ဆောင်နေမှုကို ဒေသခံများက ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး ကန့်ကွက်ဆန္ဒထုတ်ဖော်သူများကို ပုဒ်မမျိုးစုံတို့ဖြင့် အမှုဖွင့်တရားစွဲဆိုထားသည့်အပြင် အချို့မှာ ထောင်တွင်းမှ အချုပ်ဖြင့် အမှုရင်ဆိုင်နေရဆဲ ဖြစ်သည်။ စီမံကိန်းဖျက်သိမ်းပေးရေးအတွက် ဒေသခံကျေးရွာသားများက လက်ရှိတွင် ဆက်တိုက်ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိပြီး ကန့်ကွက်တားဆီးမှုများကြောင့် ရဲတပ်ဖွဲ့၊ ကုမ္ပဏီနှင့် ဒေသခံများအကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းအား ကန့်ကွက်သည့် ဒေသခံများကို ရဲတပ်ဖွဲွ့က ပစ်ခတ်ဖြိုခွင်းပြီးနောက် သေနတ်ဒဏ်ရာရရှိသူများကို တွေ့ရစဉ်

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းအတွင်း ဒေသခံများက ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ထားစဉ်

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ်အတွင်းက တရားစွဲဆိုခံထားရသူများအား ရုံးထုတ်လာစဉ်


READ NEXT
Cancel OK