Top News

ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသို့ ကျေးရွာချင်းဆက်လမ်းပေါ်မှ သွားလာနေသည့် ကုမ္ပဏီကားများကို ဒေသခံရွာသားများက တားဆီးပိတ်ဆို့ထား
24htopnews | January 2, 2025 5:12 AM CST

 

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းသို့ ကျေးရွာချင်းဆက်လမ်းပေါ်မှ သွားလာလျက်ရှိသည့် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ သွားလာလျက်ရှိသည့် ကားများကို အောင်သပြေကျေးရွာဒေသခံရွာသားများက မေ ၁၄ ရက် နံနက်ပိုင်းက စတင်ကာ တားဆီးထားလျက်ရှိပြီး အဆိုပါ တားဆီးထားမှုကို ဖယ်ရှားပေးရန်အတွက် ရဲတပ်ဖွဲ့ဝင်များက ည ၇ နာရီကျော်အချိန်အထိ အကြိမ်ကြိမ် သတိပေးပြောကြားခဲ့ကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း တည်ဆောက်လျက်ရှိသည့် တစ်နေ့ တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသွားရာလမ်းအဖြစ် ကုမ္ပဏီဘက်က အသုံးပြုလျက်ရှိသည့် အောင်သပြေ-သရက်ကိုင်း ကျေးရွာချင်းဆက်လမ်းပိုင်းပေါ်မှ ကားများသွားလာနေမှုကို တားဆီးပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ တားဆီးပိတ်ဆို့ထားမှုကြောင့် ကုမ္ပဏီကား များရပ်နားထားရပြီး ထိုသို့ပိတ်ဆို့ထားမှုကို ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် လာရောက်သတိပေးခဲ့သော်လည်း တောင်သူများ၏ ပိတ်ဆို့တားဆီးထားမှုကို ဖယ်ရှားနိုင်ခဲ့ခြင်းမရှိသည်ကို တွေ့ရှိရသည်။

“ကျွန်တော်တို့က ဥပဒေနဲ့အညီ အကြိမ်ကြိမ် သက်ဆိုင်ရာတွေကို စာတွေတင်ပြခဲ့တယ်။ ဘာမှ ထူးခြားမလာခဲ့ဘူး။ ကျွန်တော်တို့ တောင်သူတွေပဲ တရားစွဲဆိုခံရ၊ ထောင်ကျခံရဖြစ်ခဲ့တယ်။ တရားမျှတမှုဆိုတာ ကျွန်တော်တို့ဘက်မှာ မရှိခဲ့ဘူး။ အခုလည်းမရှိဘူး။ ဒါကြောင့် ဒီနေ့မှာ ကုမ္ပဏီကားတွေ ကျွန်တော်တို့ ရွာလမ်းပေါ်ကနေ မဖြတ်သန်းဖို့ တားဆီးတာ ဖြစ်ပါတယ်။ ဆက်ပြီးလည်း တားဆီးသွားမယ်။ ကျွန်တော်တို့ဘက်ကတော့ အကြမ်းဖက်တာတွေ လုပ်မှာမဟုတ်ဘူး။ ကျွန်တော်တို့ ဒေသခံတွေ တားဆီးထားတာကို ရဲအင်အားအလုံးအရင်းနဲ့ တားဆီးမယ်၊ အကြမ်းဖက်မယ်ဆိုရင်တော့ နောက်ဆက်တွဲ ဖြစ်လာမယ့်အရာတွေကို ပြောလို့မရဘူး။ ကျွန်တော်တို့ကတော့ ဆက်ပြီးတားဆီးသွားမယ်”ဟု အောင်သပြေကျေးရွာမှ တောင်သူဦးရွှေအုန်းက ပြောကြားသည်။

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ် မြေစက်ရုံစီမံကိန်းသို့ သွားရာလမ်းအား ဒေသခံကျေးရွာသားများက တားဆီးပိတ်ဆို့ထားမှုအပေါ် ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော်ခန့်က လူစုလူဝေးပြုလုပ်နေမှုကို လူစုခွဲရန် အကြိမ်ကြိမ်သတိပေးခဲ့ပြီးနောက် ည ၇ နာရီ အချိန်ခန့်၌ အဆိုပါ ဒေသခံတောင်သူများ ပိတ်ဆို့ထားမှုကို ဖယ်ရှားပစ်ရန် ရဲအင်အား အလုံးအရင်းဖြင့် ရောက်ရှိလာခဲ့သော်လည်း ဖယ်ရှားခဲ့ခြင်းမရှိကြောင်း သိရသည်။ လက်ရှိတွင် ဒေသခံများက အဆိုပါလမ်းအား ဆက်လက်ပိတ်ဆို့တားဆီးထားဆဲ ဖြစ်သည်။

မေ ၁၄ ရက်က ဒေသခံများက ပိတ်ဆို့တားဆီးထားမှုအပေါ် ရဲတပ်ဖွဲ့က လူသူ လက်နက်အင်အား အပြည့်အစုံဖြင့် လာရောက်သတိပေးခဲ့ခြင်းများပြုလုပ်ခဲ့ပြီး ဒေသခံတောင်သူများက မတရားအမှုဆင်ဖမ်းဆီး တရားစွဲဆိုခံထားရသည့် တောင်သူများကို အမှုပိတ်သိမ်းပေးရေးနှင့် အမြန်ဆုံးပြန် လွှတ်ပေးရေး၊ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရေး၊ တောင်သူပိုင်မြေများအပေါ် မကျူးကျော်ရ၊ ကျေးရွာပိုင်လမ်းများအပေါ် စီမံကိန်းကားကြီးများ မဝင်ရ အစရှိသည့် တောင်းဆိုချက်များဖြင့် တောင်းဆိုမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက တည်ဆောက်လျက်ရှိသည့် တစ်နေ့လျှင် တန် ၅၀၀၀ ကျ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို အောင်သပြေ ကျေးရွာဒေသခံများက ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်း၊ သက်ဆိုင်ရာဌာနအသီးသီးထံသို့ တိုင်ကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး ထိုသို့ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကြောင့် ဒေသခံအများအပြားကို အစိုးရဌာနနှင့် ကုမ္ပဏီဘက်မှ ပုဒ်မမျိုးစုံဖြင့် အမှုဖွင့်တရားစွဲဆိုထားကာ ဒေသခံသုံးဦးမှာ လမ်းမြေပေါ်ကျူးကျော်သည်ဟုဆိုကာ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရပြီး အချုပ်ဖြင့် အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ ထို့ပြင် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခံထားရသည့် ဒေသခံများက မြို့နယ်တရားရုံး၏ တရားစီရင်မှုအပေါ် မကျေနပ်သဖြင့် သပိတ်မှောက်ထားကြပြီး ထိုသို့သပိတ်မှောက်ဆန္ဒပြကြသည့် ဒေသခံများကို တရားရုံးက ဖမ်းဝရမ်းထုတ်ပြန်ထားသည်။

 


READ NEXT
Cancel OK