Top News

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခြင်းခံနေရသည့် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးကို ခြောက်ကြိမ်မြောက် ရုံးထုတ်ပြီး တရားလိုအား ဒေါက်တာလဲ့လဲ့မော်၏ ရှေ့နေများက စတင်စစ်ဆေး
24htopnews | January 2, 2025 5:12 AM CST

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှု ဥပဒေဖြင့် တရားစွဲဆို၍ ထားဝယ်အကျဉ်းထောင်တွင် ဖမ်းဆီးစစ်ဆေးခြင်း ခံနေရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ တာဝန်ရှိသူ သုံးဦးကို မေ ၁၄ ရက်နံနက်တွင် တိုင်းဒေသကြီး တရားလွှတ်တော်၌ ခြောက်ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး တရားလိုအား ဒေါက်တာလဲ့လဲ့မော်၏ ရှေ့နေများက စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့ လေးဦးကို ထားဝယ်အကျဉ်းထောင်မှတစ်ဆင့် ရဲတပ်ဖွဲ့ယာဉ် သုံးစီးဖြင့် တိုင်းဒေသကြီး တရားလွှတ်တော်သို့ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် ရုံးထုတ်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် တရားခွင် စတင်ကာ တရားလိုဖြစ်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းအား ဒေါက်တာလဲ့လဲ့မော်ဘက်က လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများက စတင်စစ်ဆေးခဲ့သည်။

“ဒီနေ့ရုံးချိန်းက ခြောက်ကြိမ်မြောက် ရုံးချိန်းပါ။ ဒီနေ့မှာတော့ တရားလိုကို တရားခံဘက်ကနေ ပြန်လှန်မေးခွန်း မေးမြန်းဖို့အတွက် ချိန်းဆိုထားတဲ့ရုံးချိန်း ဖြစ်ပါတယ်။ ချိန်းထားတာကတော့ လေးမှုစလုံးကို ချိန်းထားပါတယ်။ ဒီနေ့ပြန်လှန် စစ်မေးသွားတာကတော့ ၂/၂၀၁၉ ပေါ့နော်။ တရားခံဘက် တရားလွှတ်တော်ရှေ့နေ ဦးဉာဏ်လင်းထွန်း ကနေပြီး ပြန်လှန်စစ်မေးသွားတယ်။ ခုနစ်ကြိမ်မြောက် ရုံးချိန်းအဖြစ် မနက်ဖြန်မှာ ၁/၂၀၁၉၊ ၃/၂၀၁၉၊ ၄/၂၀၁၉ ရာဇဝတ်ကြီး အမှုတွေကို တရားခံရှေ့နေတွေကနေ တရားလိုကို ပြန်လှန်စစ်မေးဖို့အတွက် ချိန်းဆိုထားပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်သန်းက ပြောကြားသည်။

လက်ရှိအခြေအနေတွင် တရားလိုဖြစ်သူအား နှစ်ဖက်ရှေ့နေများက စစ်ဆေးနေသည့် အနေအထားဖြစ်ပြီး တရားလိုကို စစ်ဆေးပြီးပါက တရားလိုပြ သက်သေများ ဆက်လက်စစ်ဆေး သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရားခွင် စတင်ချိန်တွင် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်၏ ရာဇဝတ်ကြီး အမှုအမှတ် ၂/၂၀၁၉ အတွက် တရားလို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းကို တရားလိုရှေ့နေက စတင်စစ်ဆေးခဲ့ပြီး ၂၀၁၇ ခုနှစ်က ကျပ်သိန်း ၄၀၀၀ တန်ဖိုးရှိ ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းအား တင်ဒါမခေါ်ဘဲ F-22 Sunny ကုမ္ပဏီကို ဝန်ကြီးချုပ်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းလုပ်ငန်းကို ဝန်ကြီးချုပ်ဖြစ်သည့် ဒေါက်တာလဲ့လဲ့မော်က ကုမ္ပဏီအား တိုက်ရိုက်ချထားပေးခြင်း မရှိသည့်အပြင် စာချုပ်ချုပ်ဆိုသည့်နေ့မှ လုပ်ငန်းပြီးဆုံး အပ်နှံသည့်နေ့အထိ ဒေါက်တာလဲ့လဲ့မော်က တစ်စုံတစ်ရာ လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်း မရှိကြောင်းကို သိရှိခြင်းရှိမရှိ တရားခံရှေ့နေက တရားလိုအား မေးမြန်းခဲ့သည့်အပြင် ယင်းလုပ်ငန်း ချထားပေးမှုနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်ခဲ့သည့် လုပ်ငန်းစဉ်များ၊ ယင်းနှင့်ဆက်နွှယ်နေသည့် အကြောင်းအရာများကို ဒေါက်တာလဲ့လဲ့မော်၏ ရှေ့နေက မေးမြန်းခဲ့ကြောင်း သိရသည်။

တရားခွင်၌ တရားလိုရှေ့နေက တစ်နာရီကျော်ကြာ စစ်ဆေးခဲ့ပြီး နေ့လယ် ၁၁ နာရီ မိနစ် ၅၀ တွင် တရားခွင်ကို ရပ်နားကာ ခုနစ်ကြိမ်မြောက် ရုံးချိန်းကို မေ ၁၅ ရက်သို့ ထပ်မံချိန်းဆိုခဲ့သည်။ တရားခွင်အတွင်း တရားလိုအား စစ်ဆေးနေစဉ် ဒေါက်တာလဲ့လဲ့မော်၊ ဦးသိန်းထွေး၊ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့မှာ ၎င်းတို့၏ မိသားစုဝင်များ၊ ရှေ့နေများ၊ ကုမ္ပဏီဝန်ထမ်းဟု ယူဆရသူများနှင့် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်နေသည်ကို တွေ့ရပြီး လက်ထိပ်ခတ်ထားခြင်း မခံရသည့် ဒေါက်တာလဲ့လဲ့မော်မှာ တရားလို၏ ထွက်ဆိုချက်များကို စာရွက်ပေါ်တွင် ရေးမှတ်နေသည်ကို တွေ့ရသည်။

အဆိုပါ အမှုများနှင့် ပတ်သက်၍ မေ ၆ ရက် ငါးကြိမ်မြောက် ရုံးချိန်းအထိ တရားလိုဘက်က ရုံးတော်သို့ သက်သေခံစာရွက်စာတမ်း စုစုပေါင်း ၃၁ စောင်တင်ပြထားပြီး ရာဇဝတ်ကြီး အမှုအမှတ် ၁/၂၀၁၉ အတွက် ကိုးစောင်၊ ၂/၂၀၁၉ အတွက် ကိုးစောင်၊ ၃/၂၀၁၉ အတွက် ကိုးစောင်နှင့် /၂၀၁၉ အတွက် ၁၄ စောင် တင်ပြထားကြောင်း သိရသည်။

ခြောက်ကြိမ်မြောက် ရုံးချိန်းတွင် တရားခံရှေ့နေများ စစ်ဆေးခဲ့သည့် တိုင်းဒေသကြီး တရားလွှတ်တော်၏ ရာဇဝတ်ကြီး အမှုအမှတ် ၂/၂၀၁၉ မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့က F-22 Sunny Construction Col.,Ltd ကို ထိုက်သင့်သည့် တန်ဖိုးငွေမပေးဘဲ လုပ်ငန်းသုံးခုကို ဝန်ဆောင်မှုပေး၍ စေခိုင်းခဲ့ပြီး မကြာမီတွင် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် ထားဝယ်လေယာဉ်ကွင်း ချုံနွယ်ရှင်းလင်းခြင်း လုပ်ငန်းတစ်ခုတည်းကို ကျပ်သိန်း ၄၀၀၀ ဖြင့် တင်ဒါမခေါ်ယူခင် အစိုးရ အဖွဲ့အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်း မရှိဘဲ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် အဆိုပါ ကုမ္ပဏီအား တိုက်ရိုက်ခွင့်ပြု အခွင့်အရေးပေးခဲ့ခြင်းဖြင့် ဝန်ကြီးချုပ်သည် ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားခဲ့ခြင်း ဖြစ်ကြောင်းနှင့် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးကြောင်း စစ်ဆေးပေါ်ပေါက် ခဲ့သည့်အတွက် ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ အရေးယူပေးရန် ထားဝယ်မြို့မရဲစခန်းက (ပ) ၇၆၉/၂၀၁၉ ဖြင့် တိုင်ကြားထားသော အမှုဖြစ်ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၊ Global Grand Service (GGS) ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် အထွေထွေမန်နေဂျာ ဦးသူရအုံတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် ပြီးခဲ့သည့် မတ် ၁၀ ရက်က ထားဝယ်မြို့မ ရဲစခန်းတွင် အမှုတွဲ လေးခုဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ထားဝယ်အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရပြီး မတ် ၂၅ ရက်တွင် ၎င်းတို့လေးဦးစလုံးကို တိုင်းဒေသကြီး တရားလွှတ်တော်၌ တစ်ပြိုင်နက် ရုံးထုတ်ကာ စတင်တရားစွဲဆိုခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထားဝယ်မြို့မရဲစခန်း၌ ဖွင့်လှစ်ထားသည့် အမှုလေးခုမှာ (ပ) ၇၆၆/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နှင့် ဦးသူရအုံတို့အား လည်းကောင်း၊ (ပ)၇၆၇/၂၀၁၉ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅/၆၃ ဖြင့် GGS ကုမ္ပဏီမှ MD ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့အား လည်းကောင်း၊ (ပ) ၇၆၈/၂၀၁၉ နှင့် (ပ) ၇၆၉/၂၀၁၉ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို လည်းကောင်း အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ဒေါက်တာလဲ့လဲ့မော် အပါအဝင် လေးဦးကို စွဲဆိုထားသည့် ယင်းအမှုတွဲလေးခုကို တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် ရာဇဝတ်ကြီး အမှုအမှတ် ၁/၂၀၁၉၊ ၂/၂၀၁၉၊ ၃/၂၀၁၉၊ ၄/၂၀၁၉ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ပြီး ဒေါက်တာလဲ့လဲ့မော်ပါ လေးဦးဘက်မှ လိုက်ပါဆောင်ရွက်ရန် ရှေ့နေပါ၀ါ တင်ထားသည့်ရှေ့နေ ၁၂ ဦးနှင့် တရားလိုဘက်မှ နိုင်ငံတော် အကျိုးဆောင် ရှေ့နေအဖြစ် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးအောင်ရှင် အပါအဝင် ဥပဒေအရာရှိ လေးဦးက ဆောင်ရွက်နေကြောင်း သိရသည်။

 


READ NEXT
Cancel OK