
ရန်ကုန်မြို့ Downtown ခြောက်မြို့နယ်အတွင်း လူကူးခုံးကျော်တံတားနှင့် လူကူးမျဉ်းကြားမှ လမ်းမကူးသူများကို ဒဏ်ငွေကျပ်သုံးသောင်း ရိုက်မည်ဖြစ်ကြောင်း မေ ၁၄ ရက်တွင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ယာဉ်ထိန်းရဲတပ်ဖွဲ့သည် မေ ၁၄ ရက်တွင် ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်း ဆုံရာတွင် ကားလမ်းမပေါ်တွင် လမ်းဖြတ်ကူးသူများကို လူကူးခုံးကျော်တံတားပေါ်မှကူးရန် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များပေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
“လူကူးမျဉ်းကြားနဲ့ လူကူးခုံးကျော်တံတားက မကူးတဲ့ လူတွေကို ပညာပေးအရေးယူတာ ဒီနေ့စတယ်။ လမ်းပေါ်ဖြတ်ကူးတဲ့ လူတွေကို တံတားပေါ်ကကူးဖို့ စပီကာတွေနဲ့ ပြောတယ်။ ပြောနေရင်း အတင်းဖြတ်ကူးတဲ့ လူတွေကို ယာဉ်ထိန်းရဲတပ်ဖွဲ့ကခေါ်ပြီး မှတ်တမ်းသွင်းတယ်။ လူကူးခုံးကျော်တံတားက ကူးဖို့ဟောပြောတယ်။ လက်ကမ်းစာစောင်တွေပေးတယ်။ ဒီနေ့က ပထမဦးဆုံးနေ့ ဖြစ်တဲ့အတွက် အရေးယူမှု မရှိသေးဘဲ ပညာပေးပြီး ပြန်လွှတ်လိုက်တယ်။ စည်းကမ်းမဲ့ လမ်းဖြတ်ကူးတာကို အရေးယူဖို့ Downtown ခြောက်မြို့နယ်က မြို့နယ်တွေမှာ အဓိကလုပ်မယ်။ အဲဒါအပြင် Downtown ခြောက်မြို့နယ် မဟုတ်တဲ့ မြို့နယ်တွေမှာလည်း လမ်းဖြတ်ကူးသူများတဲ့ နေရာတွေမှာလည်း အဓိက ဆောင်ရွက်မယ်” ဟု အမှတ် (၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ရဲမှူးမျိုးအောင်မြင့်က ပြောကြားသည်။
လမ်းကူးသူများသည် လူကူးခုံးကျော်တံတားနှင့် လူကူးမျဉ်းကြားများတွင် လမ်းမကူးဘဲ စည်းကမ်းမဲ့ လမ်းကူးမှုကြောင့် ယာဉ်မတော်တဆမှုများ ပိုမိုများပြားလာကြောင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အား နည်းပါးခြင်းကြောင့် ယခင်က လမ်းဖြတ်ကူးသူများကို အရေးမယူဘဲ ပညာပေးမှုများသာ ပြုလုပ်ခဲ့ကြောင်း ရဲမှူးမျိုးအောင်မြင့်က ဆက်လက်ပြောကြားသည်။
လူကူးခုံးကျော်တံတားနှင့် လူကူးမျဉ်းကြားမှ လမ်းမကူးသူများကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေပုဒ်မ ၆၅ အရ အရေးယူကာ တရားရုံးကို တရားစွဲ တင်ပို့နိုင်ပြီး ကျပ်သုံးသောင်းအထိ ဒဏ်ငွေရိုက်နိုင်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ လူကူးခုံးကျော်တံတား အချို့တွင်သာ စက်လှေကားများရှိပြီး အများစုသည် လှေကားဖြင့်သာ ဆင်းတက်နေရသည့်အတွက် သက်ကြီးရွယ်အိုများ လမ်းကူးရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
“ကမ္ဘာအေးဘုရားနားနဲ့ ကျောက်တံတား တရားရုံးနားက လူကူးခုံးကျော်တံတားတို့က စက်လှေကားတွေနဲ့ တက်ရတာဆိုတော့ အဆင်ပြေတယ်။ အခြားခုံးကျော်တံတားတွေက လမ်းလျှောက်တက်ရတာဆိုတော့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေး မကောင်းသူတွေအတွက် တက်ရတာ အဆင်မပြေဘူး။ အချို့ လူတွေကတော့ တံတားမတက်ချင်လို့ လမ်းမပေါ်ကကူးတော့ အရမ်းအန္တရာယ်များတယ်” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သော ကိုချမ်းမြေ့ထူးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်