Top News

တပ်မတော်က တရားစွဲဆိုထားသော အမှုများကို ရုပ်သိမ်းပေးရန် အရပ်ဘက်အဖွဲ့အစည်း ၃၁ ဖွဲ့က  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အိတ်ဖွင့်ပေးစာပေးပို့
24htopnews | January 2, 2025 5:12 AM CST

တပ်မတော်က တရားစွဲဆိုထားသော အမှုများ ရုပ်သိမ်းပေးရန် အရပ်ဘက် အဖွဲ့အစည်း ၃၁ ဖွဲ့က တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ထံ မေ ၁၄ ရက်က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

အိတ်ဖွင့်ပေးစာပါ အကြောင်းအရာများမှာ ယခုရက်ပိုင်းတွင် မြန်မာ့တပ်မတော် အနေဖြင့် ဆက်တိုက်ဆိုသလို တရားစွဲဆိုမှုများ ရှိလာသည်ကို တွေ့ရကြောင်း၊ လက်ရှိအချိန်အထိ တရားစွဲဆိုထားမှုများမှာ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်)၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်များ၊ ဧရာဝတီသတင်းဌာန၊ လွတ်လပ်သော အာရှအသံ (RFA)၊ ရခိုင်ပြည်နယ်အခြေစိုက် Development Media Group၊ ဇွဲ အငြိမ့်အဖွဲ့နှင့် မြိတ်မြို့မှ ကိုမျိုးသူနိုင်တို့ ဖြစ်ကြောင်း ပေးစာတွင် ဖော်ပြပါရှိသည်။

ဒီမိုကရေစီ အကူးအပြောင်း ကာလတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ များစွာအရေးကြီးသော အခြေခံ အချက်ဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် မရှိပါက နိုင်ငံတော်၏ အကူးအပြောင်း ကာလအတွင်း လွတ်လပ်မှု၊ လုံခြုံမှုနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသို့ အရွေ့တွင် လိုအပ်သည့် ပြည်သူလူထု၏ တုံ့ပြန်မှုများ၊ အကြုံပြုချက်များနှင့် ဝေဖန်များကို ပိတ်ဆို့သကဲ့သို့ ဖြစ်သွားပြီး အသွင်ကူးပြောင်းမှု ကာလအား များစွာနှောင့်နှေးစေလိမ့်မည် ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ထို့ပြင် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် ထုတ်ဖော်ပြောဆိုခွင့်ကို ကုလသမဂ္ဂ အခြေခံ လူ့အခွင့်အရေး ကြေညာစာတမ်း၊ ပြည်သူ့အရေးနှင့် နိုင်ငံရေး အခွင့်အရေး သဘောတူစာချုပ်တို့တွင် အရေးတကြီး ထည့်သွင်း အကာအကွယ် ပေးထားသည့်အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီက ၂၀၁၁ ခုနှစ်တွင် လက်ခံအတည်ပြုခဲ့သည့် အထွေထွေ မှတ်ချက် (၃၄) တွင်လည်း လူတစ်ဦးတစ်ယောက်၏ နိုင်ငံရေးနှင့် အများပြည်သူအရေးဆိုင်ရာ ထင်မြင်ယူဆချက်များ၊ ထုတ်ဖော်ပြောဆိုမှုများကို နိုင်ငံတော်နှင့် အစိုးရအဖွဲ့ အစည်းများက အသရေဖျက်မှု ပြစ်မှုဥပဒေများကို အသုံးချ၍ ကန့်သတ်ပိတ်ပင်ခြင်း မပြုရဟု အသေးစိတ် အကျယ်တဝင့် ဖွင့်ဆိုပြဋ္ဌာန်းထားကြောင်း ပါရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အနေဖြင့် ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာမခံပေးသည့် အနေဖြင့် တပ်မတော်အပေါ် ဝေဖန်ထောက်ပြမှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုထားမှု အားလုံးကို အမြန်ဆုံး ပြန်လည်ရုပ်သိမ်းပေးရန် အလေးအနက်ထား တိုက်တွန်း တောင်းဆိုကြောင်း ပါရှိသည်။            

 


READ NEXT
Cancel OK