Top News

ဥရောပပါလီမန်ရွေးကောက်ပွဲကို တတိယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပ
24htopnews | January 2, 2025 7:12 AM CST

လူအများကြိုက်ဝါဒီများက အဓိက တိုးတက်မှု ရရှိနိုင်ရန်နှင့် လာမည့်ငါးနှစ်အတွင်း ဥရောပနိုင်ငံရေးကို အနှောင့်အယှက်ပေးနိုင်ရန် မျှော်မှန်းထားစဉ် ဥရောပပါလီမန်ရွေးကောက်ပွဲများအား မေ ၂၅ ရက်တွင် တတိယ မြောက်နေ့အဖြစ် မော်လ်တာ၊ ဆလိုဗက်ကီးယားနှင့် လတ်ဗီးယားတို့၌ ကျင်းပခဲ့ကြသည်။

ဥရောပ အင်အားကြီးနိုင်ငံများဖြစ်ကြသော ဂျာမနီ၊ ပြင်သစ်နှင့် အီတလီအပါအဝင် ကျန်အဖွဲ့ဝင်နိုင်ငံများက မေ ၂၆ ရက်၌ ပါလီမန်ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။ ဥရောပပါလီမန်အမတ် ၇၅၁ ဦးအား ရွေး ချယ်မည့် ထိုရွေးကောက်ပွဲများတွင် မဲပေးရန် အရည်အချင်းပြည့်မီသူ သန်း ၄၀၀ ကျော် ရှိခဲ့ပြီး နိုင်ငံအားလုံး၌ မဲပေးမှုပြီးစီးသည်နှင့် တစ်ပြိုင်နက် မေ ၂၆ ရက်နှောင်းပိုင်းတွင် ပထမဆုံး တရားဝင်ရလဒ်များကို ကြေညာ မည်ဖြစ်သည်။

လူအများကြိုက်ဝါဒီများနှင့် ရွှေ့ပြောင်း အခြေချဆန့်ကျင်သည့် လက်ယာအစွန်းရောက်များက ခြေကုပ်များ ပိုမိုရရှိနိုင်မည်ဟု ခန့်မှန်းထားကြသည့်ထိုရွေးကောက်ပွဲများသည် ဥရောပကော်မရှင်ဥက္ကဋ္ဌ ယန်းက လော်ဒီယန်ကာအပြင် အခြားထိပ်တန်းရာထူးများ၌ အစားထိုးမည့်သူများကိုလည်း ဆုံးဖြတ်ပေးနိုင်မည်ဖြစ်သည်။

သို့သော် မေ ၂၃ ရက်တွင် နယ်သာလန် ရွေးကောက်ပွဲ၌ မဲပေးပြီးထွက်လာသူများ အား မေးမြန်းထားသည့်စစ်တမ်းတစ်ခု၌မူ ဥရောပလိုလားသော ဆိုရှယ်လစ်များက အံ့အားသင့်ဖွယ် အခြေအနေကောင်းခဲ့ပြီး လူအများကြိုက်ဝါဒီ အားကောင်းလာမှုအား ကန့်သတ်ရန် ဥရောပတစ်ဝန်းမှ အစဉ်အလာ အင်အားစုများကို မျှော်လင့်ချက်ပေးနိုင်ခဲ့သည်။ အိုင်ယာလန်တွင်လည်း မဲပေးပြီးသူများအား မေးမြန်းထားသည့်စစ်တမ်းတစ်ခုအရ ဥရောပသမဂ္ဂနှင့် ပိုမိုနီးကပ်ရန် ကတိပြုထားသည့် ဝန်ကြီးချုပ် Leo Varadkar ၏ Fine Gael ပါတီကလည်း ဦးဆောင်နေသည်။

ဥရောပပါလီမန်ရွေးကောက်ပွဲများတွင် အဓိကစိုးရိမ်စရာမှာ မဲလာပေးသူအရေတွက်ဖြစ်ပြီး ဆလိုဗက်ကီးယားနိုင်ငံသည် ထိုရွေးကောက်ပွဲကို စိတ်ဝင်စားမှုအနည်းဆုံးဖြစ်ကာ ပြီးခဲ့သောငါးနှစ်က နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ မဲလာပေးသူအရေအတွက်သည် ၁၃ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

ဆလိုဗက်ကီးယားတွင် လက်ယာအစွန်းရောက်ဝါဒီက ပါလီမန်၌ နေရာရရှိဖွယ်ရှိပြီး မေ ၂၅ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် မဲပေးခဲ့ကြသည့် ချက်ရီပက်ဘလစ်တွင်မူ အာဏာရ ANO ပါတီကသာ အနိုင်ရဖွယ်ရှိ ဟုစစ်တမ်းများက ဖော်ပြခဲ့ကြသည်။

လနှင့်ချီကြာမြင့်ခဲ့သော Brexit အကျပ်အတည်းကြောင့် လာမည့်လတွင် ရာထူးမှ နုတ်ထွက်မည်ဟု ဝန်ကြီးချုပ် ထရီဆာမေက မေ ၂၄ ရက်တွင်မကြေညာမီ တစ်ရက်အလို မေ ၂၃ ရက်တွင် ဗြိတိန်၌ ဥရောပပါလီမန် ရွေးကောက်ပွဲကျင်းပခဲ့သည်။ သို့သော် ရလဒ်များကိုမူ မေ ၂၆ ရက်အထိ ထုတ်ပြန်ဖွယ် မရှိသေးပေ။ ဥရောပသမဂ္ဂကို သံသယရှိသည့်  ၀ါရင့်နိုင်ငံရေးသမား Nigel Farage က ယခုနှစ်တွင်မှ ဖွဲ့စည်းခဲ့သည့် Brexit Party သည် ဗြိတိန်တွင် အောင်ပွဲခံနိုင်မည်ဟု မျှော်လင့်ထားကြသည်။

အီတလီတွင် ရွှေ့ပြောင်းအခြေချဆန့်ကျင်သည့် League ပါတီသည် သဘောထား စစ်တမ်းများတွင် ထိပ်၌ ရပ်တည်နေသည်။ League ပါတီခေါင်းဆောင် မတ်တီယိုဆာ ဗီနီနှင့် ပြင်သစ်လက်ယာအစွန်းရောက် မာရင်းလီပင်း၏ France’s National Rally (RN) တို့က ၎င်းတို့၏ Europe of Nations and Freedom (ENF) သည် ဥရောပပါလီမန်တွင် တတိယအင်အားအကြီးဆုံးဖြစ်လာရန် မျှော်မှန်းထားကြသည်။        

 


READ NEXT
Cancel OK