
ဥရောပအနာဂတ်လမ်းကြောင်းကို ပုံဖော်ရန်အတွက် အမျိုးသားရေးဝါဒီ လက်ယာအစွန်းရောက်များနှင့် ဥရောပကို လိုလားသည့် ပါတီများအကြား ယှဉ်ပြိုင်ကြသည့် ဥရောပပါလီမန်ရွေးကောက်ပွဲ နောက်ဆုံးနေ့ကို မေ ၂၆ ရက်တွင် ကျင်းပခဲ့ရာ ကျန်ရှိသောနိုင်ငံ ၂၁ နိုင်ငံမှ မဲဆန္ဒရှင်သန်းပေါင်းများစွာက မဲပေးခဲ့ကြသည်။ ဂရိ၊ ဟန်ဂေရီ၊ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယား၊ လစ်သူယေးနီးယားနှင့် ဆိုက်ပရပ်စ်တို့တွင် အစောပိုင်း၌ မဲရုံများ ဖွင့်လှစ်ခဲ့ကြပြီး နာရီပိုင်းအကြာတွင် ပြင်သစ်၊ ဂျာမနီ၊ အီတလီနှင့် ကျန်နိုင်ငံများ၌ မဲပေးမှုများကို ပြုလုပ်ခဲ့ကြသည်။
ဥရောပသမဂ္ဂအဖွဲ့ဝင် ခုနစ်နိုင်ငံတွင် မဲပေးခဲ့ကြပြီးဖြစ်သော်လည်း ကျန်နိုင်ငံအားလုံးတွင် မဲပေးမှုများ ပြီးစီးသည့်အချိန်အထိ တရားဝင်ရလဒ်များကို ထုတ်ပြန်မည်မဟုတ်ပေ။ ဂရင်းနစ်စံတော်ချိန် ၂၁၀၀ နာရီ (မြန်မာစံတော်ချိန် မေ ၂၇ ရက် အစောပိုင်း)တွင် အကြိုရလဒ်များ စတင်ထွက်ပေါ်လာဖွယ်ရှိသည်။
ဥရောပအား သံသယရှိသည့်ပါတီများက အမတ် ၇၅၁ နေရာရှိသော ဥရောပပါလီမန်တွင် အမတ်နေရာ သုံးပုံတစ်ပုံအထိ ရရှိပြီး အဖွဲ့၏ အဓိက ဆုံးဖြတ်ချက်များ ချမှတ်မှုကို အနှောင့်အယှက်ပေးနိုင်ရန် မျှော်မှန်းထားသည်။ အီတလီဒုတိယဝန်ကြီးချုပ် မတ်တီယိုဆာဗီနီနှင့် ပြင်သစ်နိုင်ငံရေးသမား မာရင်းလီပင်းတို့၏ လက်ယာအစွန်းရောက်ပါတီများက ဦးဆောင်မည်ဖြစ်ပြီး ဗြိတိန်မှ လူအများကြိုက်ဝါဒီ Nigel Farage ၏ Brexit Party ကလည်း ဥရောပဆန့်ကျင်ရေးအင်အားစုကို အားဖြည့်ပေးမည်ဖြစ်သည်။
ဥရောပသမဂ္ဂ၏ အဓိက ရာထူးများနှင့် ဆုံးဖြတ်ချက်ချမှုများတွင် အမျိုးသားရေးဝါဒီများအား ပိတ်ပင်နိုင်ရန် မျှော်လင့်ချက်ဖြင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က လစ်ဘရယ်နှင့် ဗဟိုဝါဒီပါတီများ၏ ပြယုဂ်အဖြစ် ကိုယ့်ကိုယ်ကိုယ်ပုံဖော်ခဲ့သည်။
ယင်းအချိန်တွင် သြဇာကြီး ဥရောပကော်မရှင် ဥက္ကဋ္ဌရာထူးအပါအဝင် ထိပ်တန်းရာထူးများတွင် မျိုးဆက်သစ်ကို ရွေးချယ်နိုင်ရန်အတွက် သြဇာလွှမ်းမိုးနိုင်ရန် အစဉ်အလာ အဓိက နိုင်ငံရေးပါတီများကလည်း အချင်းချင်း ယှဉ်ပြိုင်နေကြသည်။ မဲလာပေးသူအရေအတွက်ကိုလည်း ဥရောပသမဂ္ဂက စောင့်ကြည့်နေရပြီး မဲလာပေးသူအရေအတွက် အလွန်အမင်းကျဆင်းပါက ဥရောပပါလီမန်၏ ခိုင်မာစိတ်ချရမှုကို အားလျော့စေမည်ကို ၎င်းတို့က စိုးရိမ်နေကြသည်။
ဗြိတိန်နှင့် နယ်သာလန်တို့တွင် မေ ၂၃ ရက်၌ မဲစတင်ပေးခဲ့ကြပြီး မေ ၂၄ ရက်တွင် အိုင်ယာလန်၊ ချက်ရီပတ်ဘလစ်၊ မေ ၂၅ ရက်တွင် ဆလိုဗက်ကီးယား၊ မော်လ်တာနှင့် လတ်ဗီးယားတို့၌ မဲပေးခဲ့ကြသည်။ ၂၀၁၄ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ဆလိုဗက်ကီးယားတွင် မဲလာပေးသူ အရေအတွက်သည် ၁၄ ရာခိုင်နှုန်းအောက်သာရှိပြီး အနည်းဆုံးဖြစ်ခဲ့သည်။ ယခုရွေးကောက်ပွဲတွင် လက်ယာအစွန်းရောက်ပါတီက အမြတ်ထုတ်သွားမည်ကို လက်ရှိသမ္မတ အင်ဒရေးကက်စ်ကာက စိုးရိမ်နေသည်။
မေ ၂၈ ရက်တွင် ဥရောပသမဂ္ဂအဖွဲ့ ဝင်နိုင်ငံများမှ ခေါင်းဆောင်များအား ထိပ်သီးညစာစားပွဲသို့ ဖိတ်ကြားမည်ဖြစ်ပြီး အဖွဲ့၏ ထိပ်တန်းရာထူးများအတွက် အမည်စာရင်း တင်သွင်းသူများအား မည်သို့ရွေးချယ်ရန်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်