
Space X ကုမ္ပဏီသည် အာကာသမှ မြန်နှုန်းမြင့် အင်တာနက် လွှင့်ပေးရန် ရည်ရွယ်ထားသည့် ၎င်း၏ Starlink ဂြိုဟ်တုအစုအတွက် ပထမဆုံးဂြိုဟ်တု အလုံး ၆၀ သယ်ဆောင်ထားသည့် ဒုံးပျံကို မေ ၂၃ ရက်တွင် လွှတ်တင်ခဲ့သည်။
Space X ကုမ္ပဏီ၏ Falcon 9 ဒုံးပျံတစ်စင်းကို မေ ၂၄ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ဖလော်ရီဒါရှိ Canaveral အငူမှ အခက်အခဲမရှိဘဲ လွှတ်တင်နိုင်ခဲ့သည်။
တစ်နာရီ အကြာတွင် ယင်းဒုံးပျံသည် ပင်လယ်ပြင်အထက် အမြင့် ၂၈၀ မိုင် (၄၅၀ ကီလိုမီတာ) တွင် ဂြိုဟ်တု တစ်ခုချင်းစီကို ဂြိုဟ်တုပတ်လမ်းသို့ စတင်လွှတ်တင်ခဲ့သည်ဟု Space X က ထုတ်ပြန်ခဲ့သည်။ ဂြိုဟ်တုများသည် သီးခြားကွဲထွက်သွားပြီး ဂြိုဟ်တုပတ်လမ်း၏ ၃၄၀ မိုင် (၅၅၀ ကီလိုမီတာ) အောက်တွင် နေရာယူရန်အတွက် ၎င်းတို့၏ ဒုံးစက်အငယ်စားများကို အသုံးပြုခဲ့သည်။
“Starlink ဂြိုဟ်တုအလုံး ၆၀ ကို အောင်မြင်စွာ နေရာချထားပြီးပါပြီ” ဟု Space X ၏ Twitter အကောင့်တွင် ထုတ်ပြန်ခဲ့သည်။
ဂြိုဟ်တုအလုံး ၆၀ သည် သုံး၍ရ၊ မရ တိတိကျကျ မသိရသော်လည်း ဒုံးပျံလွှတ်တင်ခဲ့ပြီး နာရီများစွာ အကြာတွင် အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်ဟု Space X တည်ထောင်သူ ဘီလျံနာ အီလန်မက်စ်က အတည်ပြုခဲ့သည်။
ယင်းဂြိုဟ်တုများကို ပြီးခဲ့သည့် သီတင်းပတ်က လွှတ်တင်ရန် မူလက စီစဉ်ခဲ့သော်လည်း လေတိုက်နှုန်းမြင့်မှုနှင့် ဆော့ဝဲလ်အဆင့်မြှင့်တင်ရန် လိုအပ်မှုကြောင့် ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိက အာကာသပြိုင်ပွဲတွင် ဦးဆောင်နေသည့် Space X ကုမ္ပဏီက အနာဂတ်အာကာသ အင်တာနက် စျေးကွက်၏ ဝေစုအများအပြားကို သိမ်းပိုက်ရန် ရည်မှန်းထားသည်။
“Starlink ဂြိုဟ်တုအလုံး ၆၀ က ချိတ်ဆက်မိနေပြီ။ ဆိုလာချပ်ပြား (Solar array) နေရာချမှုကို မကြာခင်မှာ လုပ်ဆောင်တော့မှာပါ” ဟု မက်စ်က Twitter တွင် ရေးသားခဲ့သည်။
ဂြိုဟ်တုတစ်လုံးစီသည် အလေးချိန် ၂၂၀ ကီလိုဂရမ် (ပေါင် ၅၀၀) ရှိပြီး ယင်းတို့ကို ဆီယက်တယ် မြို့အနီး Redmond မြို့ရှိ ရုံးအတွင်း တည်ဆောက်ခဲ့သည်။
ဂြိုဟ်တုအလုံး ၈၀၀ လှုပ်ရှားမှု စတင်သည်နှင့် တစ်ပြိုင်နက် Starlink လုပ်ငန်းလည်ပတ်မှု စတင်မည်ဖြစ်သည်။ ယင်းသို့ လည်ပတ်နိုင်ရန် ဒုံးပျံဒါဇင်များစွာ ထပ်မံလွှတ်တင်ရန် လိုအပ်မည်ဖြစ်သည်။
ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ Space X Broadband အင်တာနက်ကို အပြိုင်အဆိုင်စျေးဖြင့် ကမ္ဘာမြေပြင် မည်သည့်နေရာမှမဆို မိုဘိုင်းဖုန်း အစရှိသည့် ကိရိယာများဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းမှရရှိသည့် အကျိုးအမြတ်များကို အီလန်မက်စ်၏ နောက်ထပ်ရည်မှန်းချက်ဖြစ်သည့် အင်္ဂါဂြိုဟ် ခရီးစဉ်အတွက် ရန်ပုံငွေ ထောက်ပံ့မှုတွင် အသုံးပြုရန် ရည်ရွယ်ထားသည်။
ဂြိုဟ်တုများ လွှတ်တင်ခဲ့မှုက Starlink ကို နည်းပညာ၏ ကနဦး ရှေ့ပြေးတစ်ခု ဖြစ်စေသည်။ ဗြိတိန်အခြေစိုက် စွန့်ဦးတီထွင်သည့် ကုမ္ပဏီ OneWeb သည်လည်း အာကာသမှ အင်တာနက်ပေးမည့် စီမံကိန်းအတွက် ခြေကုပ်ရခဲ့ပြီး ဖေဖော်ဝါရီတွင် လုပ်ငန်းလည်ပတ်နိုင်သော အာကာသယာဉ် ခြောက်စင်းကို လွှတ်တင်ခဲ့သည်။ Amazon သည်လည်း အာကာသ အင်တာနက် စျေးကွက်အတွက် ရည်မှန်းထားပြီး Project Kuiper ဟု ခေါ်ဆိုသော ဂြိုဟ်တုအလုံး ၃၂၀၀ လွှတ်တင်မည့် စီမံချက်ကို လုပ်ဆောင်နေသည်။
Ref : AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်