Top News

ဟာဇက် ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေပြီး ယခုရာသီကုန်အထိ အနားယူရမည်ဖြစ်သလို၊ ယူရို-၂၀၂၀ ပြိုင်ပွဲကိုလည်း လွဲချော်ဖွယ်ရှိ
24htopnews | January 2, 2025 10:12 AM CST

ရီးယဲလ်တောင်ပံကစားသမား ဟာဇက်သည် ကာလရှည်ဒုက္ခပေးနေသည့် ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိနေပြီး ခွဲစိတ်မှုသာပြုလုပ်ခဲ့မည်ဆိုပါက ယခုရာသီကုန်အထိ အနားယူရမည်ဖြစ်သလို၊ ယူရို-၂၀၂၀ ပြိုင်ပွဲကိုလည်း လွဲချော်ဖွယ်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

အသက် (၃၀)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်သည် ၂၀၁၉ နွေရာသီအပြောင်းအရွှေ့ကာလတွင် ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ (အပိုဆုကြေးများကို ထည့်တွက်ပါက) ယူရို(၁၄၆.၁)သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

ဟာဇက်သည် ရီးယဲလ်အသင်းသို့ရောက်ရှိလာပြီးနောက် ဒဏ်ရာပြဿနာများနှင့် ရုန်းကန်နေရပြီး ပရိသတ်များ၏ဝေဖန်မှုကို ခံနေရသူဖြစ်သည်။

ဇန်နဝါရီလက ရရှိခဲ့သည့် ပေါင်ဒဏ်ရာကြောင့် (၆)ပတ်ကြာအနားယူခဲ့ရသည့် ဟာဇက်သည် မတ် (၁၃)ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် ရီးယဲလ် (၂-၁) အယ်လ်ချီပွဲတွင် (၁၅)မိနစ် ပါဝင်ကစားပြီးနောက် ဘယ်ဘက်တင်ပါးဆုံကြွက်သားဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဒဏ်ရာမှာ ရီးယဲလ်ကစားသမားဘဝတွင် ဟာဇက် ရရှိခဲ့သည့် (၈)ကြိမ်မြောက်ဒဏ်ရာ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ဟာဇက်သည် ဒဏ်ရာများ ဆက်တိုက်ရရှိနေခြင်းကို စိတ်ပျက်နေပြီး အပြီးသတ်ကောင်းမွန်ရန်အတွက် ခွဲစိတ်ကုသမှုခံယူရန် ဆန္ဒရှိနေသည်။

ဟာဇက်သည် ပြီးခဲ့သည့် ၂၀၂ဝပြည့်နှစ်၊ ဖေဖော်ဝါရီတွင် ခြေချင်းဝတ်ဒဏ်ရာရရှိပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့သည်။

သို့သော် ဟာဇက်အနေဖြင့် ယင်းအချိန်ကတည်းက ခြေချင်းဝတ်မှာဆက်တိုက်နာကျင်နေခဲ့ပြီး ဒဏ်ရာများ ဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဟာဇက်သည် အဆိုပါဒဏ်ရာကို အရှင်းပျောက်ကင်းစေရန်အတွက် နောက်ထပ်တစ်ကြိမ် ခွဲစိတ်ကုသမှုခံယူရန် စဉ်းစားနေကြောင်း သိရသည်။

ဟာဇက်သည် ရီးယဲလ်ကစားသမားဘဝ (၁)ရာသီခွဲကျော်ကာလအတွင်း အသင်း၏ပွဲစဉ်ပေါင်း (၈၄)ပွဲတွင် (၄၈)ပွဲထိ လွဲချော်ခဲ့သည်။

ထို့ပြင် ဟာဇက်အနေဖြင့် ခြေချင်းဝတ်ခွဲစိတ်ကုသမှုခံယူမည်ဆိုပါက ယခုရာသီကုန်အထိ ပြန်ကစားနိုင်မည်မဟုတ်သဖြင့် ရီးယဲလ်အသင်း၏ပွဲစဉ်များကို ထပ်မံလွဲချော်ဦးမည်ဖြစ်သည်။ 


READ NEXT
Cancel OK