Top News

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ  ရန်ကုန်တိုင်း၊ ရခိုင်နှင့် ကရင်ပြည်နယ်သို့ သယ်ဆောင်မည့် ကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ပဲခူးမြို့၌ ဖမ်းဆီးရမိ
24htopnews | January 2, 2025 2:12 PM CST

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှ ရန်ကုန်တိုင်း၊ ရခိုင်နှင့် ကရင်ပြည်နယ်သို့ သယ်ဆောင်မည့် ကျပ် ၁၄ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ပဲခူးမြို့၌ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် ဒီဇင်ဘာ ၂၀ တွင် ပဲခူးမြို့ ရပ်ကွက်ကြီး (၆) ဗိုလ်အောင်ကျော်လမ်း၌ ကျော်ဆန်းဦး မောင်းနှင်ပြီး မလွမ်းယန်းလိုက်ပါလာသည့် TOYOTA DYNA မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ကျပ် ၁၄ ဒသမ ၁၁၅၄ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ဒသမ ၃ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁၇၀ ကီလိုနှင့် Happy Water ၂ ဒသမ ၆၇ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ညနေ ၆ နာရီတွင် စိတ်ပြောင်းဆေးဝါးများ သယ်ဆောင်ခိုင်းသူများဖြစ်သည့် နိုင်နိုင်ဝင်း (ခ) ရှက်ဖီးနှင့် တင်ထွန်းနိုင်တို့အား ပဲခူးမြို့ ရပ်ကွက်ကြီး (၆)၊ ဗိုလ်အောင်ကျော်လမ်းရှိ ဟိုတယ်တွင် ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများကို ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့မှပဲခူးမြို့သို့ သယ်ဆောင်ပြီး ၎င်းမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK