
တိုင်းရင်းသားခေါင်းဆောင်အချို့သည် ဒီမိုကရေစီ၏ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျရောက်သော နှစ်သစ်ကူးအခါသမယ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
" ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခဟာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော် အကျိုးအတွက်၊ ပြည်သူတို့ရဲ့အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာ ရှိပါတယ်။ ဒါကိုပြည်သူအားလုံး လိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းများနဲ့သာ ဖြေရှင်းကြရမှာ၊ ဖော်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းများ ကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး စီးပွားရေးနဲ့လူမှုရေးအခြေ အနေများ တိုးတက် ကောင်းမွန်လာနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအနေနဲ့ ခေါင်းစဉ်အမျိုးမျိုးပြပြီး ဒီမိုကရေစီစနစ်ကို လိုလားတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာတော့ ကိုယ်ကျိုးအတ္တကို အခြေခံတဲ့ လိုအင်ဆန္ဒ သက်သက်နဲ့ လက်နက်ကိုင်ပဋိပက္ခကိုသာ ဖန်တီးနေကြတာကို တွေ့မြင်ရမှာဖြစ် ပါတယ်။ ထို့အတူပဲ အချို့သောတိုင်းရင်းသား ခေါင်းဆောင်များဟာ ဖက်ဒရယ် အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေးလို့ ပြောနေကြသော်လည်း ဒီမိုကရေစီရဲ့ သဘောသဘာဝကို မျက်ကွယ်ပြုပြီး ပြည်ထောင်စုပြိုကွဲအောင် ဦးတည်ဆောင်ရွက်နေ ကြတာကိုလည်း တွေ့နေရပါတယ်။ ဖြစ်ချင်တာ၊ ဖြစ်သင့်တာများ ချင့်ချိန်စဉ်းစားပြီး ဖြစ်နိုင်တာကို ပြည်ထောင်စုအကျိုးကိုမျှော်ကိုးပြီး ဒီမိုကရေစီနည်းလမ်းတကျ ဆောင်ရွက်ဖို့ သင့်တယ်လို့ ပြောလိုပါတယ်" ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။
ဘုံရည်မှန်းချက်နှင့် လျှောက်လှမ်းကြသည့်လမ်းကြောင်း မတူညီသည့်အတွက်လည်း မိမိတို့နိုင်ငံ၌ လက်နက်ကိုင် ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သေးခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စများအား ဖြေရှင်းနိုင်ရန် မိမိတို့အားလုံး စိတ်ဓာတ်ခိုင်ခိုင်မာမာနှင့် ဒီမိုကရေစီလမ်းကြောင်းအတိုင်း လျှောက်လှမ်းကြရန်လိုပြီး ပြည်သူများကလည်း လက်နက်ကိုင်အဖွဲ့များကို ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်အောင် တွန်းအားပေးကြရန် လိုအပ်ကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
နစက ဥက္ကဋ္ဌက " ကျွန်တော်တို့နိုင်ငံသားများရဲ့ ကောင်းကျိုးကို မလိုလားသူတွေအနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း မြို့ရွာများလုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ နယ်ပယ်အသီးသီးကို အဓိက ပစ်မှတ်ထားပြီး နှောင့်ယှက်ဖျက်ဆီးခဲ့ကြပါတယ်။ ကိုယ်နေထိုင်ရာ ကိုယ့်ရဲ့ဒေသနဲ့ လူမျိုးကို ထိခိုက်ပျက်စီးစေတဲ့ အသိဉာဏ်မဲ့တဲ့သူများရဲ့ လုပ်ရပ်များပဲဖြစ်ပါတယ်။ လူမျိုးရေး၊ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးဆိုတဲ့ ကောင်းမွန်မြင့်မြတ်တဲ့ အကြောင်း အရာများကို အကြမ်းဖက်လုပ်ရပ်များအပေါ်ခေါင်းစဉ်တပ်ပြီး ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ ကို အောက်ကျနောက်ကျ လုပ်နေတာပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကို ကျွန်တော်တို့ ကာကွယ်တားဆီးကြဖို့၊ ရပ်တန့်အောင် ကြိုးစားကြဖို့လိုအပ်ပါတယ်" ဟု ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနှင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို စတင်ထမ်းဆောင်ကတည်းက နိုင်ငံတော်၏ ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းကြောင်းကိုမျှော်မှန်းပြီး ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ခဲ့ကြောင်း၊ မိမိတို့ ခိုင်ခိုင်မာမာနှင့် ကြိုးစားလျှောက်လှမ်းခဲ့ကြခြင်းကြောင့် သိသာထင်ရှားသည့် ရည်မှန်းချက်ပန်းတိုင်များကိုလည်း တွေ့မြင်နေရပြီဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
" ကျွန်တော်တို့အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပါတယ်။ ပ ဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်ကြီးကိုလည်း အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်ရဲ့အားကစား အဆင့်အတန်း မြင့်မားအောင် အုတ်မြစ်ချနိုင်ခဲ့ပါတယ်။ တိုင်းပြည်ကိုလည်း အတိုင်း အတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဒီလိုဆောင်ရွက်နိုင်မှုဟာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်၊ နိုင်ငံတော်ကာကွယ်ရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီစနစ် ခိုင်မြဲစေရေးအတွက် စွန့်လွှတ် စွန့်စားစွာ ဆောင်ရွက်နေကြသူများ ရှိနေကြလို့ပဲဖြစ်ပါတယ်" ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်အတွက် အသက်၊ ခန္ဓာစွန့်လွှတ်ခဲ့ကြသည့် သူရဲကောင်း တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံသူနိုင်ငံသားများ အားလုံးကို အလေးအနက် ဂုဏ်ပြုပါကြောင်း၊ ယင်းတို့သည် သမိုင်းမှတ်တမ်းများအဖြစ် ကျန်ရစ်ခဲ့မည်ဖြစ်သလို မိမိတို့ အားလုံး၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်နေမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ဖော်ထုတ်ပြသနိုင်ခြင်းလည်းဖြစ်ပါကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
" ဒီကမ္ဘာလောကကြီးမှာ တိုင်းပြည်နိုင်ငံတစ်ခုဖြစ်စေ၊ လူမျိုးတစ်မျိုးဖြစ်စေ ကောင်းစွာရှင်သန်ရပ်တည်နေနိုင်ဖို့ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနဲ့ မိမိတို့ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို မြှင့်တင်နေကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝရပ်တည်ရေးကို ကိုယ်စွမ်းကိုယ်စနဲ့ မထိန်းသိမ်းနိုင်ရင် နိုင်ငံရဲ့အချုပ်အခြာအာဏာ အားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝကို ကျရောက်စေနိုင်တာကိုလည်း သတိချပ်စေလို ပါတယ်။ လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေဖို့၊ သူတစ်ပါးလက်အောက်ခံ မဖြစ်စေဖို့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးက သွေးစည်းညီညွတ် ကြရပါမယ်။ နိုင်ငံတော်ကို ဘေးအန္တရာယ်ကျရောက်လာရင်လည်း နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိတဲ့ တပ်မတော်နဲ့ ပြည်သူတို့ ခိုင်ခိုင်မြဲမြဲလက်တွဲပြီး တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်၊ သူရသတ္တိအပြည့်အဝနဲ့ နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး အတွက် စည်းလုံးညီညွတ်စွာနဲ့ ကာကွယ်ပြီး နိုင်ငံတော်ကြီးကိုဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ကိုင်ကြမယ်ဆိုတဲ့ စိတ်ဓာတ်တွေ မွေးကြရပါမယ်" ဟု နစက ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပပေးနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်ကို ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးမှာလည်း ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် မိမိတို့ပြည်သူများက ၂၀၂၄ ခုနှစ်၌ ပြသနိုင်ခဲ့ကြသည့် တိုင်းချစ်ပြည်ချစ်စိတ်များ၊ မျိုးချစ်စိတ်များကိုအခြေခံပြီး စည်းလုံးညီညွတ်စွာနှင့် ရွေးကောက်ပွဲကြီး အောင်မြင် အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပန်ကြားလိုကြောင်း၊ ၂၀၂၅ ခုနှစ်၌ ပြည်သူများ၏ အောင်ပွဲအဖြစ် နိုင်ငံသားအားလုံး လိုလားသည့် ဒီမိုကရေစီပန်းတိုင်ဆီ အရောက်လှမ်းပြီး သက်သေပြကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်